စစ်တွေမြို့ မေ ၁၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိပြီး MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည် ပြုပြင် တည်ဆောက် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
“အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများကို အမြန်ဆုံးဦးစားပေး ပြန်လည် ပြုပြင် ဆောင် ရွက်ရန်” ဆိုသည့်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆေးရုံရှိပျက် စီးသွားသောအမိုးများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နေမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့အတူသမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ဆေးရုံကြီး၏ ရေရရှိမှုအခြေအနေများကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံဝန်းအတွင်းရှိ ဆေးသိုလှောင်ရုံအတွင်း ဆေးနှင့် ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိအောင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လူနာများ အဆင်ပြေ ချောမွေ့စွာ ဆေးကုသမှုခံယူနိုင်အောင် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ အရန်မီးသတ် တပ်ဖွဲ့များနှင့် ဆေးရုံဝန်ထမ်းများပူးပေါင်းကာ သစ်ပင်ခြုံနွယ်များနှင့် အမှိုက်များရှင်းလင်းနေမှု ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့်အတွက် မုန်တိုင်း ကျရောက်စဉ်နှင့် ကျရောက်ပြီးအချိန်များတွင် ဆေးကုသမှုလုပ်ငန်းများ ရပ်ဆိုင်းမသွားပဲ (၂၄)နာရီပတ်လုံး ခွဲစိတ်ကုသမှုများအပါအဝင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများဖြစ်သည့် စစ်တွေမြို့ ပေါ်ရှိ မြို့နယ်များနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူလူထု ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိ စေရေး ကြိုတင်ကာကွယ် သည့်အနေဖြင့် သောက်သုံးရေပေးဝေသည့် ရေတွင်းရေကန်များကို ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များ တွင်ပါ ဆက်လက်ဆောင်ရွက်နိုင်ရန် ညွှန်ကြားဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ရသေ့တောင်မြို့နယ်ရှိ ပျက်စီးသွားသည့် ဆေးရုံအဆောက်အဦများ ပြန်လည်ပြင်ဆင် နိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားဖြည့် ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးအဖွဲ့ တစ်ဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ရေသန့်များ၊ ဆေးနှင့် ဆေးပစ္စည်းများနှင့်အတူ ယနေ့တွင် ရသေ့တောင်မြို့နယ်သို့ ထွက်ခွာသွားကြသည်။ ထို့အတူ မောင်တောမြို့နယ်ရှိ ကျောက်ပန္ဒူ၊ မြိုယု၊ အင်းဒင်ရွာများသို့လိုအပ်သည့် ရေသန့်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကလိုရင်းဆေးမှုန့်များ ပို့ဆောင်ပေးခဲ့ပြီး စစ်တွေမြို့ရှိ သက္ကယ်ပြင် ကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများက ဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပျက်စီးသွားသည့် တိုက်နယ်ဆေးရုံ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)