နေပြည်တော် ၁၇ ဒီဇင်ဘာ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ ၂ခု ဖတ်ကြားတင်ပြခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ နိုင်ငံခြားတွင် သွား ရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများထံမှ ပြန်လည်ပေးပို့သော ငွေများနှင့် စပ်လျဉ်းသည့် အချက်အလက်များကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ပရောက် မြန်မာ လုပ်သားဦးရေနှင့် ရရှိသောငွေများကို ချိန်ဆကြည့်ပါက ၎င်းတို့လွှဲ ပို့နေသော မိသားစုအတွက် ငွေသည် နည်းပါးနေသေးကြောင်း၊ မြန်မာနိုင်ငံသည် စီးပွား ရေးပိတ်ဆို့ အရေးယူမှုခံခဲ့ရသဖြင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တရားဝင်ဘဏ် စနစ်ဖြင့် လွှဲပြောင်းပေးပို့ရန် ခက်ခဲသည်ကို အကြောင်းပြု၍ ဟွန်ဒီငွေလွှဲ စနစ်လုပ် ဆောင်သူများမှ အခွင့်ကောင်းယူကာ မိသားစုလွှဲပို့ငွေကိစ္စများ ဆောင်ရွက်ခဲ့ကြသည် ကိုတွေ့ရှိရပါကြောင်း။
ပြည်ပရောက်လုပ်သားများမှ ဟွန်ဒီစနစ်ဖြင့် ငွေလွှဲပို့ခြင်းသည် နိုင်ငံတော် အတွက် အခွန်များမရရှိသည့်အပြင် စာရင်းဇယားများလည်း မရရှိခြင်း၊ အချို့ ဟွန်ဒီ ငွေလွှဲလုပ် ငန်းလုပ်ကိုင်သူများမှ ငွေများလိမ်လည်ခြင်း စသည့် ပြဿနာများရှိပါ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အား စီးပွားရေးပိတ်ဆို့အရေးယူမှုကင်းလွတ်ခွင့်ရ သည့် အချိန်မှစ၍ တရားဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းပေးပို့နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိုသော မြန်မာနိုင်ငံ သားများ၏လစာဝင်ငွေနှင့် စပ်လျဉ်း၍ ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေအရ ပြည်ပနေနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသောလစာ ခေါင်းစဉ်မှ ဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်သောကြောင့် ဘဏ္ဍာငွေကောက်ခံရရှိခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ပေါ် တွင် မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ပြည်သူလူထုနှင့်အစိုးရဌာနဆိုင်ရာများအတွက် ငွေကြေးအပ်နှံထုတ် ယူသုံးစွဲခြင်း လျင်မြန်လွယ်ကူချောမွေ့စေရန် ဒလမြို့နယ် ဘဏ်ခွဲအဆင့် ဖွင့်လှစ်သင့် ကြောင်း မြန်မာ့စီးပွားရေးဘဏ် စီမံခန့်ခွဲမှုအဖွဲ့က သံုံးသပ်တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ယခုအခါတွင် ဒလ-တွံတေး ကားလမ်းဘေး၊ ကျန်စစ်သားရပ်ကွက်တွင် ပေ(၁၀၀x ၁၀၀) အကျယ်အဝန်းရှိ မြန်မာ့စီးပွားရေးဘဏ်ပိုင် မြေကွက်ပေါ်တွင် ဘဏ်ခွဲ အဆောက်အအုံသစ် ပေ(၅၀x၃၀) RC ၁ထပ် တည်ဆောက်ပေးရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေလျာထား တောင်းခံဆောင်ရွက်ခဲ့ပါကြောင်း၊ လွှတ်တော်မှ စိစစ်ပြီးသည့်အခါ ရန်ပုံငွေ ငွေကျပ်သန်း ၆၀ ရရှိခဲ့ပြီး ဘဏ်ခွဲ အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေးအတွက် တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လုပ်ငန်းအပ်နှံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။
အဆိုပါ ဘဏ်ခွဲအဆောက်အအုံနှင့်အတူ ရဲစခန်းဝင်းအတွင်း ငွေသိုလှောင်ခန်း အဆောက်အအုံ ဆောက်လုပ်ရန် ရန်ပုံငွေကို တစ်ပြိုင်တည်း တင်ပြတောင်းခံခဲ့ရာတွင် လွှတ်တော် ပူးပေါင်းစိစစ်အဖွဲ့မှ စိစစ်၍ ရန်ပုံငွေဖြတ်တောက်ခဲ့ခြင်းကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံချိန်တွင် ငွေသိုလှောင် ခန်းဆောက်လုပ်ရန်အတွက် ပြန်လည်တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ဘဏ်ခွဲ အဆောက်အအုံနှင့် ငွေသိုလှောင်ခန်းအဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက ဒလမြို့တွင် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၏ မြန်မာနိုင်ငံအတွင်း မြွှေကိုက်ခံရမှုများနှင့် ပတ်သက်၍ အနီးစပ်ဆုံး (၅)နှစ်တာ ကာလအတွင်း မြွေကိုက်ခံရမှုအခြေအနေများကို သိလိုခြင်း၊ BPI မှ ထုတ်လုပ်နိုင်သည့် မြွေအဆိပ်ဖြေဆေးများ ပြည်ပသို့ တင်ပို့ရောင်းချ ရန် လျာထားချက်၊ ဈေးကွက်အခြေအနေအား သိလိုခြင်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မြန်မာနိုင်ငံတွင် ဖြစ်ပွားသော မြွေကိုက်မှု ဖြစ်စဉ်၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးကိုက်ခံရခြင်းနှင့် ၆ ရာခိုင်နှုန်းမှာ မြွေဟောက် ကိုက်ခံရခြင်းဖြစ်ပြီး ကျန် ၄ ရာခိုင်နှုန်းမှာ အခြားမြွေအမျိုးအစားကိုက်ခံရခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆေးဝါးစက်ရုံ(အင်းစိန်) အနေဖြင့် မြွေပွေးအဆိပ်ဖြေဆေး ကို ၉၀ ရာခိုင်နှုန်းထုတ်လုပ်ပြီးမြွေဟောက်အဆိပ်ဖြေဆေးကို ၁၀ ရာခိုင်နှုန်းထုတ်လုပ် ပါကြောင်း။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်တာ ကာလအတွင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ မြွေပွေးအဆိပ်ဖြေဆေးနှင့် မြွေဟောက်အဆိပ်ဖြေဆေးစုစုပေါင်း ၄၁၆၂၁၄ လုံးထုတ်လုပ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဖွဲ့အစည်းများက ဝယ်ယူခဲ့ပါကြောင်း၊ ကိုက်သည့် မြွေအမျိုး အစား ခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့်မြွေဟောက်အဆိပ် ၂ မျိုးလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ် ဖြေဆေးများကိုလည်း ထုတ်လုပ်လျက် ရှိပါကြောင်း။
ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံသော မြွေဆိပ်ဖြေဆေးများအား ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘောဒီး ယားနိုင်ငံနှင့် လာအိုနိုင်ငံတို့သို့ မြွေဆိပ်ဖြေဆေး အလုံး ၅၀၀ စမ်းသပ်တင်ပို့ခဲ့ပါ ကြောင်း၊ ထပ်မံ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း မြွေဆိပ်ဖြေဆေးအလုံး ၅၀၀၀ ခန့်တင်ပို့နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့လည်း အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများကို တင်သွင်းလျက်ရှိပါ ကြောင်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးနှင့် ပြည်ပမှ တင်သွင်းလျက်ရှိသည့် မြွေဆိပ်ဖြေဆေးများနှိုင်းယှဉ်ပါက အာနိသင်နှင့် ဈေးနှုန်းများ သိသိသာသာကွာခြားပြီး ဆေးဝါးစက်ရုံ (အင်းစိန်)ထုတ်မြွေဆိပ်ဖြေဆေးများမှ အာနိသင်ပိုမိုကောင်းမွန်၍ ဈေးနှုန်းလျော့နည်းသက်သာသည်ကို တွေ့ရှိရပါကြောင်း။
ယခုဆိုလျှင် မြွေဆိပ်ဖြေဆေးဆောင်ထားလိုသူများအတွက် တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ အလွယ်တကူ တိုက်ရိုက်ဝယ်ယူနိုင်ရန် ဆေးဝါးစက်ရုံ(အင်း စိန်)တွင် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေး အလုံး ၁ သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်သူများ၏ ကျန်း မာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခင် အရည်ပုံစံအစား သာမန်အခန်း အပူချိန်တွင်ထားရှိ သိုလှောင်နိုင်သည့် အေးခဲခြောက် မြွေဆိပ်ဖြေဆေးများကို မှာယူထားသောကြောင့် အေးခဲခြောက်အလုံး ၁သိန်း၃ သောင်းထုတ်လုပ်ပေးမည် ဖြစ်ပါကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် မြွေကိုက်ခံရသည့် လူနာများအား အထိရောက်ဆုံးကုသပေးနိုင်သည့် မြွေဆိပ်ဖြေဆေးများကို ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပလိုအပ်ချက်အပေါ် မူတည်ပြီးတစ်နှစ်လျှင် အလုံးရေ ၂ သိန်းမှ ၃ သိန်းအထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦးနှင့် ရွှေကျင် မဲဆန္ဒယ်မှ ဦးစောသ လေးစော တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အစီရင်ခံစာ ကို ကော်မတီဝင် ဒေါ်နန်းမိုး က ဖတ်ကြားတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်က အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးနေစိုးအောင်က ဖတ်ကြားတင်ပြပြီး ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှုကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းနှင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်တို့က ဆွေးနွေးကြသည်။
ထို့နောက် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကော်မတီဝင် ဒေါက်တာစိုင်းလှသိန်းက အဆိုပါ အစီရင်ခံစာအား သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာ သော ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းကို လက်ခံရ ရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ဖြင့် အတည်ပြု၍ ပေးပို့သော စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း) ဦးအေးနိုင် တင်သွင်းသည့် ကမ္ဘာ့အမွေ အနှစ်၊ အာရှအမွေအနှစ် အသိအမှတ်ပြုခံ သဘာဝထိန်းသိမ်းရေးနယ်မြေများ အပါအဝင် နိုင်ငံတစ်ဝန်း သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ ကမ္ဘာ့ရှားပါးတောရိုင်း တိရစ္ဆာန်မျိုးစိတ်များအား ဒေသခံပြည်သူတို့၏အခွင့်အရေးထိခိုက်မှု အနည်းဆုံးဖြင့် ပိုမိုအင်အားဖြည့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာန၏ ဝန်းကျင်၊ သားငှက်ဌာနခွဲအား ဦးစီးဌာနကြီးတစ်ရပ်အဖြစ် မြှင့်တင်တိုးချဲ့လျက် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲကာ အနာဂတ်မြန်မာတိုင်းရင်းသား သားသမီးမြေးမြစ်တို့ အကျိုးအတွက် ရေရှည်တည်တံ့ခိုင်မြဲစေရန်လည်းကောင်း၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုအား ဝိုင်းဝန်းကူညီထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ သဘာဝအလှအပ အရင်းအမြစ်များကို ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်လည်းကောင်း၊ ဂေဟခရီးသွားစနစ် တိုးတက်စေရန် အတွက်လည်းကောင်း၊ စီမံချက်များ ချမှတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအာ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ဆွေးနွေးကြသည်။
ပင်လည်ဘူး မဲဆန္ဒနယ်မှ ဦးမင်းနောင်က မိမိအနေဖြင့် သဘာဝနယ်မြေနှင့် သစ်တောတို့ကို ပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်ရေးအတွက် သစ်တောဦးစီးဌာနကို အရည်အသွေးပြည့်ဝသော ဝန်ထမ်းများ အင်အားတိုးချဲ့ ခန့်ထားရေးနှင့် သစ်တောဦးစီး ဌာနလက်အောက်ရှိ ဝန်းကျင်သားငှက် ထိန်းသိမ်းရေးဌာနခွဲကို ဦးစီးဌာနကြီးတစ်ခုအဖြစ် မြှင့်တင်တိုးချဲ့ရေးကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သစ်ပင်သစ် တောနှင့် သားငှက်မျိုးစုံ စုံလင်လှပါကြောင်း၊ ယင်းသတ္တဝါမျိုးစိတ်နှင့် အပင်များသည် လူဦးရေ တိုးပွားလာခြင်းနှင့်အတူ လူ့ပရောဂများကြောင့် ပျက်စီးလာပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုပိုမိုပူးပေါင်းရန်၊ သဘာဝပတ်ဝန်းကျင်ကို ပိုမိုလေးစားတန်ဖိုးထားရန် ကျောင်းပညာသင်ခန်းစာများတွင် ထိရောက်သော အသိပညာပေးမှု အားနည်းခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ယခင်က ထက်တိုးတက်မှု အနည်းငယ်ရှိသော်လည်း ဝန်ကြီးဌာနအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင် စွမ်းအားနည်းနေသည်ကို မြင်တွေ့ရပါကြောင်း။
သဘာဝလောကကြီးသည် ဟန်ချက်ညီညီ အချိတ်အဆက်ကောင်းမွန်စွာနှင့် ဂေဟလောကကြီး စနစ်တကျ ဖြစ်တည်ခဲ့ပါကြောင်း၊ အားလုံးသည် လိုအပ်၍ တည်ရှိ ခဲ့ခြင်းဖြစ်ပါကြောင်း၊ မည်သည့်မျိုးစိတ်မှ ပျောက်ကွယ်၍ မရပါကြောင်း၊ လူသားနှင့် ဇီဝအ၀န်းနယ်မြေအတွက် အမာခံထိန်းသိမ်းရေးနယ်မြေများ၊ ကြားခံနယ် မြေများ၊ ဖွံ့ဖြိုးရေးဇုံနယ်မြေများ သုတေသန လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အားထည့်ပြီး စနစ်တကျလုပ်ကြရမည် ဖြစ်ပါကြောင်း အကြံပြု ထောက်ခံ ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး၊ လဟယ် မဲဆန္ဒနယ်မှ ဦးသက်နောင်၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ မိုးကုတ် မဲဆန္ဒနယ်မှ ဦးအောင်နိုင်(ခ) ဦးနိုင်ငံကျော်၊ စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင် လွင်၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးရည်မွန်(ခ) မောင်တင်သစ်၊ ပန်းတနော် မဲဆန္ဒနယ်မှ ဦးမန်းညွန့်သိန်း၊ ဆော့လော် မဲဆန္ဒနယ်မှ ဦးလာမာလေး၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောနှင့် မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်တို့က ဆွေးနွေးကြသည်။
ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သဘာ၀၀န်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအားသီးခြား ဦးစီးဌာနအဖြစ် သတ်မှတ်ရန် ဝန်ထမ်း အင် အားနှင့် ရန်ပုံငွေလိုအပ်ချက်များ ရှိနေသည့်အပြင် နှစ်အတန်ကြာ အချိန်ယူရေး ဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် မေ ၂၁ ရက်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေကို ပြင်ဆင်ရေးဆွဲရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ သဘာဝထိန်းသိမ်းရေးနယ်မြေများကို ပီပြင်စွာ စီမံခန့်ခွဲ အုပ်ချုပ်ရန် အဓိက လိုအပ် ချက်မှာ ဖွဲ့စည်းပုံနှင့်အညီ အင်အားအပြည့်အ၀ ခန့်ထားခွင့်ရရှိရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ပေးရန်တို့ကို တွေ့ရှိုရပါကြောင်း။
ဦးစီးဌာနတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်ဝန်ထမ်း များခန့်အပ်ရန်လိုအပ်ခြင်း၊ ဝန်ထမ်းများ၏လစာနှင့် လုပ်ငန်းရန်ပုံငွေများ တင်ပြတောင်း ခံရန်လိုအပ်ခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် သဘောတူညီချက်ရယူရန် လိုအပ်ခြင်း စသည့် အချက်များကြောင့် အချိန်ယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေ အနေတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ခြင်းအတွက် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် သင်တန်းကျောင်း တစ်ခုအား သစ်တောဦးစီးဌာနမှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ လုပ်ငန်း များကောင်းမွန်စွာ လည်ပတ်နိုင်ရေး၊ နိုင်ငံတကာမှ စံနမူနာများအား ထိရောက်စွာဆောင်ရွက်နိုင်သည့် ထိန်းသိမ်းရေးဦးစီးဌာနတစ်ခုအဖြစ် ပေါ်ထွန်းလာ ရေးတို့အတွက် အဆိုအား အချိန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် အဆို အား မှတ်တမ်း ထားရှိစောင့်ကြည့် ပေးနိုင်ရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆို ရှင်က မှတ်တမ်းတင်စောင့်ကြည်မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ခြင်းမရှိပါက ထပ်မံ တိုက်တွန်းမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင်စောင့်ကြည့် ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာက လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)