နေပြည်တော်   မေ ၁၇

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာန၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ကွပ်ကဲမှုအောက်ရှိ ပျိုးခြံ(၃)ခြံနှင့် နေပြည်တော်မြို့တော် ဂေါက်ကွင်း၊ မေတ္တာကန်၊ ချောင်းမကြီးဆည်နှင့် ငလိုက်ရေတင်စက်ရုံတို့သို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူထားရှိသည့် လုပ်ငန်းသုံး ယာဉ်များ အခြေအနေ၊ ပြုပြင်သုံးစွဲရန်မသင့်တော့၍ သံရည်ကျိုအပ်နှံဆောင်ရွက်မည့် Buggy ယာဉ်များနှင့် အုပ်ချုပ်မှုသုံးမော်တော် ယာဉ်များ၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က သံရည်ကျို အပ်နှံမည့်ယာဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးအပ်နှံနိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနရှိ အုပ်ချုပ်မှုသုံးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များ၏ ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
 

ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ကွပ်ကဲမှုအောက်ရှိ ပျိုးခြံ(၃)ခုနှင့် နေပြည်တော်မြို့တော်ဂေါက်ကွင်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က ပျိုးခြံများတွင် စိုက်ပျိုးထားရှိသည့် ပျိုးပင်များကို သပ်ရပ်စနစ်ကျစွာ ဆောင်ရွက်ထားရှိရန်၊ ပျဉ်းမနားမြို့ မေတ္တာကန် သဲနုန်းများတူးဖော်ခြင်းလုပ်ငန်းမှ ထွက်ရှိသည့် မြေ ဆွေးများကို ပျိုးခြံများတွင် စနစ်တကျစုပုံထားရှိ အသုံးပြုရန်၊ ပျိုးခြံများတွင် မန်ကျည်းပျိုးပင်များကို အရေအတွက် သိန်းချီ၍ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ထိုမှတဆင့် နေပြည်တော် ပျဉ်းမနားမြို့ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ အ.ထ.က(၃) ကျောင်းရှေ့ရှိ မေတ္တာကန်သို့ သွားရောက်၍ သဲနုန်းများတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အများပြည်သူများ အပန်းဖြေ နိုင်စေရေး ပန်းအလှပင်များ စိုက်ပျိုးထားရှိရန်နှင့် နားနေရန်ထိုင်ခုံများ ပြုလုပ်ထားရှိရန်တို့ကို မှာကြားသည်။
 

ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ချောင်းမကြီးဆည်အတွင်း ရေဝင်ရောက်မှုနှင့် ရေပေးဝေဖြန့်ဖြူးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး မြို့တော်ဝန်က ချောင်းမကြီးဆည်သည် နေပြည်တော်ရှိ အဓိကနေရာများသို့ ရေပေးဝေဖြန့်ဖြူး ပေးနေသော အရေးပါသည့် ဆည်တစ်ခုဖြစ်ခြင်းကြောင့် ချောင်းမကြီးဆည်သို့ ရေဝင်ရောက်သည့် ချောင်းများအတွင်း ရေစီးရေလာကောင်းမွန်ပြီး ဆည်အတွင်း ရေပိုမိုဝင်ရောက်စေရေး ဆောင်ရွက် ရန်နှင့် ဆည်၏ရေဝေ ရေလဲဧရိယာများတွင် သစ်တောသစ်ပင်များ စိုက်ပျိုးထားရှိရန်နှင့် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။ ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ချောင်းမကြီးဆည်အတွင်းသို့ ငလိုက်ချောင်းမှ ရေကို ရေတင်စက်ရုံမှတဆင့် ရေဖြည့်တင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)