နေပြည်တော် ၊ မေ ၁၇
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ကျောက်ခေတ် သုတေသန အထောက်အထား အချက်အလက်များဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ပြုလုပ်သည်။.
ဆွေးနွေးပွဲသို့ မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ကွင်းဆင်း တူးဖော်မှု ဆောင်ရွက်နေကြသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ် တည်းသော မြန်မာသမိုင်းစဉ် အတွက် အလွန်အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ ယနေ့ သမိုင်းစဉ်ဆွေးနွေးပွဲမှ အသစ်တွေ့ရှိမှု အချက်အလက် အထောက်အထားများကို ပေါင်းစပ်ဖြည့်စွက်၍ ကွင်းဆင်းလေ့လာ တူးဖော်သုတေသနပြုတွေ့ရှိမှုမှ ခိုင်မာသော အထောက်အထားများဖြင့် ပိုမိုပြည့်စုံမှန်ကန်သည့် မြန်မာ နိုင်ငံ၏ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြုနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ကျောက်ခေတ် သုတေသန ပြုလုပ်နေသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ ကွင်းဆင်း လေ့လာ တွေ့ရှိချက်များ၊ သုတေသနပြုတွေ့ရှိချက်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော် သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံ နည်းကျ သက်တမ်းတွက်ချက်မှုများကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ် ရရှိနိုင်ရေးအတွက် မူကြမ်းပြုစုပြီးဖြစ်ပါကြောင်း။
ကျောက်ခေတ်ဆိုင်ရာ သမိုင်းစဉ်တွင် ယခင်က မတွေ့ရှိခဲ့ရသေးသော ကျောက်ခေတ်လယ် ထွန်းကား ခဲ့သည့် အထောက်အထား အသစ်တွေ့ရှိချက်များ၊ သိပ္ပံနည်းကျသက်တမ်းတွက်ချက်မှု ရလဒ်များကြောင့် အချို့သောသမိုင်းစဉ် ခေတ်ကာလများမှာ များစွာပီပြင် ပုံပေါ်လာပြီဖြစ်၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဖြစ်စဉ် ကွင်းဆက်ပြောင်းလဲလာမှုများကို ပြည်သူများသိရှိစေရေး ဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ အလား တူ ကျောက်ခေတ်လယ်ဆိုင်ရာ အသစ်တွေ့ရှိချက်များကို နိုင်ငံတကာ စာတမ်းဖတ်ပွဲ ပြုလုပ်၍ နိုင်ငံတကာပညာရှင်များ သိရှိလက်ခံအောင် ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က မြန်မာ့မြေလွှာ ဖြစ်တည်မှု အကြောင်းကိုလည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှု သမိုင်းကိုလည်းကောင်း၊ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ဧရာဝတီ ပရိုင်းမိတ်ရှာဖွေတွေ့ရှိမှုနှင့် အထောက် အထားများအကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပြင်ဆင် ဖြည့်စွက် လိုသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် က ဆွေးနွေးချက်များအပေါ် သုံးသပ်တင်ပြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်ခေတ်ဆိုင်ရာ သုတေသန အထောက်အထား အချက်အလက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာ့ကျောက်ခေတ် အကြောင်းကို တင်ပြဆွေးနွေးပြီး ယခင်မတွေ့ ရှိရသေးသော ကျောက်ခေတ် လယ်ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျောက်ခေတ်ကို ပြည့်စုံစွာ မြန်မာ့မြေပေါ်တွင် တစ်ဆက်တစ်စပ်တည်း ပေါ်ပေါက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာသူများက ပြင်ဆင် ဖြည့်စွက်လိုသည် များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က အထွေထွေဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)