နေပြည်တော်  မေ ၁၇

 

၂၀၂၃ ခုနှစ် “ကမ္ဘာ့သွေးတိုးရောဂါနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က (၂၀၂၃)ခုနှစ် “ကမ္ဘာ့သွေး တိုးရောဂါနေ့” အထိမ်းအမှတ် ဆောင်ပုဒ်မှာ  “Measure Your Blood Pressure Accurately, Control It, Live Longer” “သက်ရှည် ကျန်းမာနေနိုင်ဖို့ ၊  စနစ်တကျ သွေးပေါင်တိုင်းကာ ထိန်းညှိစို့” ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ ဦးတည်ချက်သည် ပြည်သူလူထုအတွင်း သွေးတိုး ရောဂါနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်၊ သွေးပေါင်ချိန်ကို စနစ်တကျ နည်းလမ်းမှန်စွာ တိုင်းတာတတ်စေရန်နှင့် ထိရောက်သောကုသမှုများ ရယူတတ်စေရန် ဖြစ်ကြောင်း။

 

 (၂၀၂၃) ခုနှစ်၊ မတ်လ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည့် အချက် အလက်များအရ ယနေ့ကမ္ဘာ့တစ်ဝန်း၌  အသက် ၃၀ နှင့် ၇၉ နှစ်အကြား အသက် အုပ်စုတွင် သွေးတိုးရောဂါရှိသူ ( ဒသမ ၂၈) ဘီလီယံခန့်ရှိသည်ကိုသိရကြောင်း၊  အဆိုပါ လူဦးရေ၏ (၄၆) ရာခိုင်နှုန်းသည် မိမိတို့တွင် သွေးတိုးရောဂါရှိမှန်း သတိမပြုမိသည့် အခြေအနေတွင် ရှိနေကြောင်း။

 

 မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ကမ္ဘာ့လုံးဆိုင်ရာ ပန်း တိုင်တစ်ခုသည် သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါ ဖြစ်ပွားသေဆုံးမှုကို (၂၀၁၀) ခုနှစ်မှ (၂၀၃၀) ခုနှစ်အတွင်း (၃၃) ရာခိုင်နှုန်း လျှော့ချရန် ဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်ကိုပြည့်မီစေရန် သွေးတိုးရောဂါ စစ်ဆေးပေးခြင်း၊ အချိန်နှင့်တစ်ပြေးညီထိရောက် သောကုသမှုပေးခြင်းသည် လွန်စွာအရေးကြီးသော အခန်းကဏ္ဍများ ဖြစ်သကဲ့သို့ ပြည်သူလူထုအကြား သွေးတိုးရောဂါအန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများဆိုင်ရာ အသိပညာမြှင့်တင်ခြင်းလုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း ပြော ကြားသည်။

 

ထို့နောက် (၂၀၂၃) ခုနှစ် ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုနှင့် နေအိမ်၌ စနစ်တကျသွေးပေါင်ချိန်တိုင်းတာခြင်း သရုပ်ပြဗွီဒီယိုကိုပြသပြီး မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာရဲမြင့်က “သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးပညာပေးဟောပြောသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားပြခန်းကို ကြည့်ရှုသည်။

 

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)