နေပြည်တော် မေ  ၁၇  

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည်  ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားများ တိုးတက်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ မေ(၁၄)ရက်တွင်  တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးခြင်း အများဆုံးပျက်စီးခဲ့သည့်  စစ်တွေဒေသ၊ ရသေ့တောင်ဒေသများနှင့်  အခြားသော ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ အမြန်ဆုံး လျှပ်စစ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး  စီမံဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်  ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌  ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးလျက်ရှိသည့်  ၂၃၀ ကေဗွီ အမ်း-မြောက်ဦး- ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်း   တာဝါတိုင် (၁၂) တိုင် ပျက်စီးမှုများနှင့်  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်း  ပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအင်အား စုဖွဲ့ထားရှိမှု ၊ ပစ္စည်းများ ပို့ဆောင် ရောက်ရှိမှုများနှင့်  ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍  လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျက်စီးနေသော တာဝါတိုင်များ ၊  ဖြန့်ဖြူးရေးလိုင်းများ  ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ရန်  ရှင်းလင်း ဆောင်ရွက်နေမှုများကို  လည်းကောင်း ၊ ပြုပြင်ရန်ပစ္စည်း ရောက်ရှိမှုများကိုလည်းကောင်း  သွားရောက် စစ်ဆေးသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ  ကျွမ်းကျင် ဝန်ထမ်းအင်အား  (၄၂၀) တို့သည်  စစ်တွေဒေသ၊ မြောက်ဦးဒေသ၊ ပုဏ္ဏားကျွန်း ဒေသများတွင်  အသီးသီးဖြန့်ခွဲ၍ ဓာတ်အား ပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက် ခြင်း လုပ်ငန်းများကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ တိုင်းဒေသကြီးများမှ  စုဖွဲ့ထားသော ကျွမ်းကျင်ဝန်ထမ်း အင်အား  (၆၀၀) ဖြင့် စစ်တွေမြို့အတွင်း  ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို လည်းကောင်း  ဆောင်ရွက်လျက်ရှိပြီး  မေလကုန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။  

 

အလားတူ ပြင်ဆင်ခြင်း လုပ်ငန်းများကို  အချိန်မီ ပြုပြင်ပြင်ဆင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသော ထရန် စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် တန်ချိန် (၆၉) တန်ရှိ တာဝါ သံဘောင်များ ၊ ကွန်ကရစ်တာဝါတိုင် (၃၅၀၀)နှင့် အိမ်မိုးသွပ် ချပ်(၁၅၀၀)၊ မီးစက်များ၊ စက်သုံးဆီများအား တပ်မတော် ရေယာဉ်များဖြင့် လည်းကောင်း၊ မင်းပြားဒေသရှိ ကွန်ကရစ်တိုင် (၂၀၀၀)ကို စစ်တွေဒေသသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း ၊ အခြားဆက်စပ် အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ  ၊ ကြိုးများ ၊ ကြွေသီးများ ၊ လိုင်းဆွဲသားရာတွင် အသုံးပြုသည့် ယန္တရားများအား မော်တော်ယာဉ် (၁၂)စီးဖြင့် လည်းကောင်း ပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသောပစ္စည်းများကိုလည်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)