မင်းဘူး မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုဝင်များ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါများ မဖြစ်ပွားစေရေး အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက စကုမြို့ပေါ်ရပ်ကွက်များတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့များက စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဖောင်တန်းရပ်၊ ရှမ်းစုရပ်နှင့် မန်းကျင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သော အိမ်ထောင်စုဝင်များ လက်ရှိသုံးစွဲနေသည့် အဝီစိသောက်ရေတွင်း (လက်ငြှိမ့်တုံငင်ရေတွင်း) များအတွင်း သန့်ရှင်းမှုရှိစေရေးနှင့် ရောဂါပိုးဝင်ရောက်မှု မရှိစေရေးတို့အတွက် Bleaching Powder ဆေးခပ်/ဆေးဖျန်းပေးခြင်း၊ ရေလှောင်ကန်းများအတွင်း Abateဆေး ခပ်ခြင်း၊ ဖုံး/သွန်/လှယ်/စစ် စနစ်တကျ သုံးစွဲရေးနှင့် ဖျော်စပ်အသုံးပြုပုံများကို လက်တွေ့ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်ပေးနေမှုများကို မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံကြည့်ရှုအားပေးကာ မုန်းတိုင်းအလွန် ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်းနှင့် လျပ်စစ်အန္တရာယ် မဖြစ်ပွားစေရေး သိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)