သထုံ မေ ၁၈

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အလှူရှင်များ ဆောက်လုပ်လှူဒါန်းသည့် အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦသစ်အား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အဦသစ်အနီး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အလှူရှင်တစ်ဦးဖြစ်သူ ဒေါက်တာခင်မိုးမိုးက အဆောက်အဦသစ် ဆောက်လုပ်လှူဒါန်းပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှူရှင် ဉာဏ်ဝေယံမိသားစုတို့က ငွေကျပ် သိန်းပေါင်း ၁၅၆၉ သိန်းကျော်တန်ဖိုးရှိ အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အလျားပေ ၃၀၊ အနံပေ ၅၀ RC နှစ်ထပ် ပင်မအဆောက်အဦအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်အသီးသီးတို့က အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦ အဝင်လမ်းအပါအဝင် အထွေထွေလိုအပ်သည်တို့ကို လွှဲပြောင်းလှူဒါန်းရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် သထုံခရိုင် ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်တို့က မွန်ပြည်နယ်နှင့် သထုံခရိုင်အတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုများ၊ လိုအပ်ချက်များနှင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အထူးကုပြင်ပလူနာဌာနနှင့် ကျောက်ကပ်သန့်စင်ဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားပြီး တက်ရောက်လာသူတို့က အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)