နေပြည်တော်  မေ  ၁၈

 

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌   ကျင်းပရာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ တွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊       ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်ကြီးများ၊    စာတမ်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းအသီးသီးမှ  ပါမောက္ခများ၊ တက္ကသိုလ်များမှ    ပါမောက္ခချုပ်များ၊   ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ ပညာရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး   ဒေါက်တာညွန့်ဖေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးညီလာခံ  အခမ်းအနားမုခ်ဦးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

သီဆိုဖျော်ဖြေ တင်ဆက်

ထို့နောက်   မြန်မာနိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ပြည်သာရန် ပညာရေး ညီလာခံ” အလင်္ကာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

 

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည် ချက်(၁၂)ရပ်၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့်   လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး  ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေး   ရည်ရွယ်ချက်ဖြင့်  ကျင်းပခြင်းပင်ဖြစ်ပါကြောင်း။

 

ယခုညီလာခံကြီးကို  ပညာရေးနှင့်    ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းပြီး စကားဝိုင်းဆွေးနွေးပွဲ များ၊    စာတမ်းဖတ်ပွဲများနှင့် ကျင်းပမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ပညာရေး တိုးတက်မြင့်မားရေးကို   အဟန့်အတားဖြစ်နေသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို စုပေါင်းဆွေးနွေးအဖြေ ရှာပြီး   အနာဂတ်ပညာရေး   တိုးတက်ကောင်းမွန်စေရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းသတ်မှတ် နိုင်ကြမည်လည်းဖြစ်ပါကြောင်း။

 

လူ့အသိုက်အဝန်းကို အထောက်အကူပြု

ပညာရေးကို  အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ “ပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှု နည်းလမ်းများမှတစ်ဆင့်ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများ”ဟု ဖွင့်ဆိုသည်ကိုလည်းတွေ့ရပါကြောင်း၊   လူတစ်ယောက် သည်ပညာကို   မွေးကင်းစအရွယ်မှတည်းကစပြီး ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရခြင်းဖြစ် ပါကြောင်း၊ ပညာကို သင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့် ပညာနှင့်ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်နှင့် မိမိ ပတ်ဝန်းကျင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး လူ့အသိုက်အဝန်းကို အထောက်အကူပြုစေနိုင် မည်ဖြစ်ပါကြောင်း။

 

ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှု ကိုသာမက Personal Skills ဟု  ခေါ်သည့် ပင်ကိုအရည်အသွေးများ၊     ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးပါကြောင်း၊ စဉ်းစားသုံးသပ်တွေးခေါ်မှု (Critical thinking)၊ ပြဿနာဖြေရှင်းမှု (Problem solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြား စိတ်ဖြာသုံးသပ်မှု (Analytical skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်  ဆောင်ရွက်တတ်မှု (Adaptability) ၊ လူမှုဆက်ဆံရေး (Social skills)၊ စိတ်ခံစားချက်နားလည်မှု   (Emotional intelligence) ၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာ အပြုအမူ (Ethical behavior)နှင့် ဦးဆောင်တတ်မှု (Leadership)  အစရှိသည့် ဘက်စုံကျယ်ပြန့်သည့် အရည်အသွေးများ၊   စွမ်းရည်များ၊    ကိုယ်ရည် ကိုယ်သွေးများ၊   အသိပညာ၊   အတတ်ပညာများကို ဘက်စုံပညာရေးက ပြည့်စုံစေမည်ဖြစ်ပါကြောင်း။

 

ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  ဘက်စုံပညာရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်မှ ပါဝင်နေပါကြောင်း၊ ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များသည်    နိုင်ငံသားများ၏   ရပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများကို ပိုမိုနားလည်သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်   မိမိတို့ မြန်မာနိုင်ငံအနေဖြင့်  ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်        ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊    ပင်ကို အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့်   လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေး ကဏ္ဍကိုမြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်မှ  ၂၀၁၄  ခုနှစ်အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄ သန်းတွင်  ပဉ္စမတန်းတက်ရောက်သူ ၁၁ ဒသမ ၃၇ သန်း (၅၇ ဒသမ ၂၉ ရာခိုင်နှုန်း)ရှိပြီး အလယ်တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်း  (၄၀ ဒသမ ၂၆ ရာခိုင်နှုန်း) သာရှိ ပါကြောင်း၊   အလားတူ  ၂၀၁၉  ခုနှစ်   ကြားဖြတ် သန်းခေါင်စာရင်းအရ ၅ နှစ်အထက်   လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် သက်မွေးပညာပြီးသူ ၂ ဒသမ ၉ သိန်း၊ ဘွဲ့ရသူ  ၃  သန်းရှိသည်ကို   တွေ့ရပါကြောင်း၊ တန်းစဉ်ကူးပြောင်းမှု  လျော့နည်းမှုမှာ များပြားနေသည်ကို မိမိ ၂၀ဝ၄ ခုနှစ် ရခိုင်ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ   တာဝန် ထမ်းဆောင်စဉ် ကတည်းက    စတင်သတိပြုခဲ့ပါကြောင်း၊    ရှမ်းပြည်နယ် တာဝန်ယူချိန်တွင်လည်း ယခုကဲ့သို့ စိစစ်တွေ့ရှိရသည့် အတွက် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပညာရေးဝန်ကြီးဌာနကို   တာဝန်ပေးစိစစ်စေသည့်အခါ အထက်ကအခြေအနေများကို တွေ့ရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ယင်းအနက် အသက် ၁၅ နှစ်အထက်  ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပါနေကြောင်း၊ ၎င်းတို့သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံ ကောင်းများရှိရန် မဖြစ်မနေလိုပါကြောင်း။

 

အလယ်တန်းနှင့် အထက်တန်းပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာနှင့် သက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာတန်း ပြီးမြောက်သူသည်လည်း တစ်နိုင်ငံလုံးတွင်   သုံးသိန်းခန့်သာရှိ သည့်အတွက် အလယ်တန်းဆင့် ပြီးမြောက်သူများကို စက်မှု၊   စိုက်ပျိုးမွေးမြူရေးနှင့်   သက်မွေးပညာ သင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြ ရမည် ဖြစ်ပါကြောင်း၊ (၃) သိန်းဆိုသည့် ပမာဏသည် လည်း ၁၅ နှစ်အထက် လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော် သာ ရှိသည်ကိုတွေ့ရပါကြောင်း။

 

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင် ခံစာတွင်   ကျောင်းသားအများစုသည်   မူလတန်း ပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်းနှင့် အသက် ၁၂   နှစ်မှစပြီး   ကျောင်းတက်နှုန်းစတင် ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ် တန်းပြီးမြောက်ချိန်တွင်  သိသိသာသာ ကျဆင်းလာ သည်ကို ဖော်ပြထားသည်ကို တွေ့ရပါကြောင်း။

 

ကျောင်းဆက်မတက်သူ  ၁၀  ဦးကို   မေးမြန်း လေ့လာရာတွင်  သုံးဦးသည် မိသားစုကို ကူညီနေရ၍ ဟု ဖြေဆိုပြီး နှစ်ဦးမှာ  ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ဖြေဆိုသည်ကို သိရပါကြောင်း၊ အသက် သုံးနှစ်မှ ၅၀ နှစ်အတွင်း လူဦးရေ၏   ကျောင်းဆက်မတက်ရခြင်း   အဓိက အကြောင်းရင်းမှာ  မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရ ခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက် နိုင်ခြင်းနှင့်  စိတ်ဝင်စားစရာမကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊   ကျောင်းကဝေးလွန်းသည်က  ၄ ဒသမ ၅ ရာခိုင်နှုန်း   ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊  အဆိုပါအချက်များအရ   ဆင်းရဲမွဲတေမှု ကြောင့်ဖြစ်သည်မှာ အများစုဖြစ်နေပါကြောင်း၊ ကျောင်းတက်သူဦးရေ    တိုးတက်ရေး၊    အတန်း ကူးပြောင်းမှုနှုန်း မြင့်မားရေးကို    အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို ယခုကျင်းပသည့် ပညာရေးညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေးကြရမည်ဖြစ်ပါကြောင်း။

 

ဦးတည်ကြိုးပမ်းကြရမည်

ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာ ရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် နိုင်မည် ဖြစ်ပါကြောင်း၊ ပညာမတတ်သည့် နိုင်ငံသား များပြီး   ပညာရေးနိမ့်ကျသည့်    နိုင်ငံသည်   အမှန် တကယ်မတိုးတက်နိုင်ဟု  လက်ခံထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်    ပညာကို အဓိကတည်ဆောက်ကြရပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊စီးပွားရေး တိုးတက်မှုများသည် ပညာတတ်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေ ပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို ဦးတည် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

 

မိမိတို့အနေဖြင့်   ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း၊ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည်ဖော်သွားကြရမည် ဖြစ်ပါကြောင်း။

 

အောင်မြင်မှုရသည့် သာဓကများစွာရှိ

လေ့လာချက်များအရ သာမန်လုပ်ကိုင် စားသောက်နိုင်အောင် အနည်းဆုံး အလယ်တန်း အဆင့်ပညာရေး ပြီးမြောက်ရန် သင့်သည်ကိုတွေ့ရှိရ ပါကြောင်း၊ မိဘများဖြစ်သည့်  မိမိတို့တစ်တွေနှင့် လုပ်ကိုင်စွမ်းရှိသူ   နိုင်ငံသားအားလုံးက    နောင်အနာဂတ်အတွက် ခိုင်မာသည့်   လမ်းခင်းပေးရန် လိုအပ်ကြောင်း၊ စုစည်းညီညွတ်သည့်အားဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရသည့် သာဓက များစွာရှိပါကြောင်း။

 

ထို့ကြောင့်    မိမိတို့    မြန်မာနိုင်ငံအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိရေး၊  အနည်းဆုံး အလယ်တန်းအဆင့် (KG+9)ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့်အနာဂတ် ပညာရေး ပိုမိုကောင်းမွန်လာစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားကြပါက  မအောင်မြင်စရာ အကြောင်းမရှိသည်ကို ပြောကြားလိုပါကြောင်း။

 

သုတေသနပြုချက်များအရ ကလေးများကို ကျောင်းထားရန် တွန့်ဆုတ်နေကြသည့် မိဘများကို ပညာတန်ဖိုး         နားလည်သဘောပေါက်အောင် စည်းရုံးပြီး  လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကူညီ ပံ့ပိုးပေးရန်အသင့်ရှိနေသည်ဟု ယုံကြည်လာအောင် လုပ်ပေးနိုင်ပါက ကလေးများကို ပိုမိုကျောင်း ထားလာ စေသည်ကို သိရှိရပါကြောင်း။

 

နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသား များထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ်များကို လိုအပ်သည့် ကျောင်းသားများဆီ လွှဲပြောင်း ပေးအပ်ခြင်းနှင့်    အမှန်တကယ်ကျောင်းနေရန် အခက်အခဲရှိသည့် ချို့တဲ့နွမ်းပါးသူများကို ပညာသင် ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့် မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက် အလျောက် လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေး အတွက် အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း။

 

ပြန်လည်သုံးသပ်ဆောင်ရွက်ရမည်

ကျောင်းသားမိဘများအနေဖြင့်လည်း မိမိသားသမီးများကို  အမှန်တကယ် စာတတ်မြောက်စေရန် အရည်အသွေးရှိသည့်ပညာများကို သင်ကြားပေးနိုင်မည်ဟု    ယုံကြည်သည့် ကျောင်းများတွင်သာ ကျောင်းထားလိုကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လည်း ဆရာ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့် ဘွဲ့နှင့်   သင်ကြားနေသည့်   ဘာသာရပ်ကိုက်ညီရေး၊ ဆရာ  ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်းများ မွမ်းမံရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို    ဆောင်ရွက်ပေးကြရန်   အလွန်အရေးကြီးပါကြောင်း၊  ထို့ပြင် စာသင်ဆောင်၊ စာသင်ခန်း၊ကျောင်း စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း၊ အားကစားကွင်းနှင့် ကာယပစ္စည်းများ ဖြည့်ဆည်းရေးကိုလည်း ပံ့ပိုးဆောင်ရွက် ပေးသွားကြရ မည်ဖြစ်ပါကြောင်း၊ ကျောင်းတက်ရောက်ရာတွင် သွားလာမှု အဆင်ပြေရေးအတွက် ကျောင်းအဆင့် တိုးမူဝါဒများကိုလည်း   လိုအပ်ပါက ပြန်လည်သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်တစ်ခုဖြစ်သည့် “သွင်းကုန်အစား ထိုးရန်နှင့်  ပို့ကုန်မြှင့်တင်နိုင်ရေး  ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ   ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော် ဆောင်ရေး” ကို ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင် နှစ်ကစပြီး ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း KG+9 အလယ်တန်း ပညာရေး ပြီးဆုံး အောင်မြင်သူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး   အထက်တန်းကျောင်းများ တက်ရောက်နိုင်ကြပြီး    အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေး အတွက် Grade 10၊ Grade 11၊ Grade 12 အတန်းများတွင စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို   သင်ယူလေ့ကျင့် နိုင်ကြမည် ဖြစ်ပါကြောင်း၊   ၂၀၂၄-၂၀၂၅  ပညာသင်နှစ်တွင် ကျန်ခရိုင်   ၇၅  ကျောင်း     ဆက်လက် ဖွင့်လှစ်ဖို့   လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းအားလုံးဖွင့်ပြီးသော်လည်း တန်းခွဲ  တစ်ခု ၅၀ ဖြင့် နယ်ပယ်သုံးခုမှ အခြေခံပညာအထက်တန်း အဆင့် ၁ နှစ် ၁၈၅၀ဝ ဦးသာ သင်ကြားပြီးမြောက်မည်ဖြစ်ပါကြောင်း၊ ၁၀ နှစ်လျှင် ၁၈၅၀ဝ၀ ရှိမည်ဖြစ်ပါကြောင်း၊ မည်သည်မျှ    မသိသည်ထက်စာပါက အခြေခံတတ်သိနားလည်သည့်သူများကလုပ်ငန်းခွင်တွင် အထောက်အကူပြု လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းတို့ကို သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင်       အဆင့်မြင့် ပညာ  သင်ကြားနိုင်စေရေး ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

 

လုပ်ငန်းခွင်တွင် လက်တွေ့အသုံးကျမည့် ပညာရပ်၊ ကျွမ်းကျင်မှုကို အဆိုပါကျောင်းများတွင် ထိရောက်စွာ သင်ကြားလေ့ကျင့်ပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးမည် ဆိုပါကသွင်းကုန်အစားထိုးကုန်ပစ္စည်းများ၊ Value-added တန်ဖိုးမြှင့် ထုတ်ကုန်များကို    ထုတ်လုပ် ရောင်းချခြင်းနှင့် မိမိတို့ မိသားစု စားဝတ်နေရေးဖူလုံရုံမက နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားသုံးငွေကို လျှော့ချနိုင်မည်လည်း ဖြစ်ပါကြောင်း၊ ယခု အစီအစဉ်အောင်မြင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့အပြင် အခြားသော ဆက်စပ်ဝန်ကြီးဌာနများကလည်း  ပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

 

ချိတ်ဆက်ဆောင်ရွက်သွားကြရမည်

ယခုကျောင်းများတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ် ချက်များကို  ဖြည့်ဆည်းပေးနိုင်သည့်  အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို သင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက် အကူပြုစေမည့်     သက်မွေးပညာရပ်များကို   သင်ကြားပေးရုံ  သာမက လက်တွေ့လုပ်ငန်းခွင်မှာ    လေ့ကျင့်နိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိက   ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)   ကို   ချိတ်ဆက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်   ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင်  အသိပညာ၊ အတတ် ညာ  တတ်မြောက်သည့် ပညာတတ်များ ပေါများ ရေးကို   ဦးစားပေးမျှော်မှန်းချက်အဖြစ်   ထားရှိပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ အသိပညာ၊ အတတ်ပညာများကို အသုံးချပြီး တွေးတောကြံစည်လုပ်ကိုင် နိုင်ရန်     အဆင့်မြင့်ပညာရပ်များကို လေ့ကျင့်သင်ကြားပေးရာတွင် ဌာနကြီးများလည်းဖြစ်ပါကြောင်း၊   ယခင်က တက္ကသိုလ်   တက်ရောက်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းလုပ်မည်ဆိုသည့်   မျှော်လင့်ချက်၊ မျှော်မှန်းချက် ထားကြပါကြောင်း၊ ယနေ့ခေတ်သည် ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်၊ ပညာခေတ် ဖြစ်သည့်အတွက်   နိုင်ငံ့ဝန်ထမ်းသာမကဘဲ နယ်ပယ်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါကြောင်း၊ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူ(မန်နေဂျာ)အဆင့်မှ အုပ်ချုပ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နည်းပညာ/  အတတ်ပညာ၊  စီးပွားရေး၊  စိုက်ပျိုး ရေး၊ မွေးမြူရေး စသည့်နယ်ပယ်များတွင်  ပညာတတ်  များ၏ အခန်းကဏ္ဍ ကြီးမားစွာရှိနေပါကြောင်း၊ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိမှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိမှု၊ တီထွင်ကြံဆမှု၊ သုတေသနပြုမှုများသည် ယနေ့ ခေတ်တွင်    အရေးပါနေပါကြောင်း၊    အသုံးချနိုင် ရမည်ဖြစ်ပါကြောင်း။    

  

အဆင့်မြင့်ပညာသင်ကြားရာတွင် နေ့ကျောင်းတက်သင်ကြားခြင်း၊ Online နှင့် သင်ကြားခြင်း၊ စာပေးစာယူသင်ကြားခြင်းများရှိပြီး မည်သည့်နည်းလမ်းနှင့်  သင်ယူသည်ဖြစ်စေ အမှန်တကယ် တတ်မြောက်နိုင်စွမ်းရှိရန်    လိုမည်ဖြစ်ကြောင်း၊ ကျန်းမာရွှင်လန်းစွာဖြင့် ပညာသင်ကြားနိုင်ရန်လိုမည် ဖြစ်ကြောင်း၊ အရည်အသွေးရှိသည့် အဆင့်မြင့်ပညာ ရေးကို ဖော်ဆောင်နိုင်ရန်အတွက် အရည်အသွေး ရှိသည့် ဆရာ ဆရာမများခန့်ထားခြင်း၊ အရည်အသွေး မြှင့်တင်ရေးသင်တန်းများပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ   ခေတ်မီစေခြင်း၊   သင်ကြားနည်းစနစ်များ တိုးတက်စေခြင်း၊ နည်းပညာ အသစ်များ အသုံးပြုသင်ကြားခြင်း၊ စာကြည့်တိုက်နှင့် အင်တာနက်ကို အသုံးပြုသည့် သင်ကြား သင်ယူမှုကို အားပေးခြင်း၊ အွန်လိုင်းသင်ယူမှုပလက်ဖောင်းနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်များ ထူထောင်ပေးခြင်း၊ သင်ထောက် ကူပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနပစ္စည်းများ ဖြည့်တင်းခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးခြင်း၊  စီးပွားရေးလုပ်ငန်းများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျောင်းသား ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ စေခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်ခြင်း စသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်မည်ဆိုပါက ရည်မှန်းချက်ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။

 

ပြည့်စုံအောင် ဖြည့်ဆည်းပေးရမည်

တက္ကသိုလ်များသည် ခံ့ညားထည်ဝါမှု၊ ဂုဏ်သိက္ခာအဆင့်တစ်ခုရှိရန် လိုအပ်သည်နှင့်အညီ တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊  သန့်ရှင်းသာယာလှပရေးကို  တာဝန်ရှိသူအသီးသီးက အလေးထား ထိန်းသိမ်း စောင့်ရှောက်ပေးရမည်ဖြစ်သကဲ့သို့ တက္ကသိုလ်အင်္ဂါရပ်များ တတ်နိုင်သမျှ ပြည့်စုံအောင် ဖြည့်ဆည်းပေး ရမည်ဖြစ်ပါကြောင်း၊ ခေတ်မီပြီး ထိရောက်သည့် သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးရန်အတွက် လိုအပ်သည့် သင်ကြားရေးအဆောက် အအုံများ၊ စာကြည့်တိုက်များ၊ သုတေသနစင်တာများ ပြည့်စုံစေ ရမည်ဖြစ်ပါကြောင်း။

 

တက္ကသိုလ်များအနေဖြင့် နိုင်ငံတော်စီးပွားရေးလိုအပ်ချက်နှင့် ကိုက်ညီမယ့် ခေတ်မီသင်ရိုးညွှန်းတမ်း များကို သင်ကြားရာတွင် လက်ရှိဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘာသာရပ်သင်တန်းများကို ပြန်လည်သုံးသပ် မွမ်းမံခြင်း၊    ဈေးကွက်လိုအပ်ချက်   တောင်းဆိုမှု များပြားသည့် ဘာသာရပ်သင်တန်းအသစ်များ တိုးချဲ့ ဖွင့်လှစ်ခြင်းတို့ကို သုံးသပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အဆင့်မြင့်ပညာရေးကဏ္ဍအနေဖြင့် ဘာသာရပ် ကျွမ်းကျင်မှုရှိအောင် သင်ကြားပေးသည့်အပြင် လူမှု အသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူ ပြုစေရေးအတွက်ကိုပါ      အလေးထားလေ့ကျင့် သင်ကြားပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများစွာထဲတွင် ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံးအကျိုးရလဒ်များကို  ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ ကို   နှစ်စဉ်   တိုးမြှင့်ခွဲဝေပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးနှင့်ဆက်စပ်နေသည့်  ဝန်ကြီး ဌာနများအတွက် ပညာရေးအသုံးစရိတ်  စုစုပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံခွင့်ပြုထားပါကြောင်း၊ အဆိုပါခွင့်ပြုပေးထားသည့် ပညာရေးအသုံးစရိတ် သည်   ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလအတွင်း  ပညာရေး အတွက်ထင်ရှားသည့်    ချီးမြှင့်မှု၊  ပံ့ပိုးမှုအချို့ကို ဖော်ပြရမည်ဆိုပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး သင်ကြားရေး ဆရာ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ   ပေးအပ်ခဲ့ရာတွင်   ပါရဂူဘွဲ့အတွက် သုံးသောင်းကျပ်နှုန်း၊ မဟာဘွဲ့အတွက် နှစ်သောင်း ငါးထောင် ကျပ်နှုန်းဖြင့် ဘွဲ့လွန်ဒီပလိုမာအတွက် တစ်သောင်းကျပ်နှုန်းဖြင့် လစဉ်ချီးမြှင့်ပေးအပ်လျက် ရှိပါကြောင်း။

 

လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိ

၂၀၂၂  ခုနှစ်  ဧပြီလ  ၁ ရက်နေ့က စတင်ပြီး အုပ်ချုပ်မှုစရိတ်အဖြစ် တက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီး များအား ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ် ထပ်ဆောင်းချီးမြှင့်ပေးအပ်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး တိုင်းရင်းသား နေ့စားလပေး    သင်ကြားရေးအထောက်အကူပြု ဆရာ (Teaching Assistant) များကို  မူလကတစ်လလျှင် ကိုးသောင်းခြောက်ထောင်ကျပ်မှ တစ်သိန်း သုံးသောင်းကျပ်ကိုလည်းကောင်း၊   တိုင်းရင်းသား ဘာသာစကားသင် ဆရာ (Language Teacher)များကို ပုတ်ပြတ်တစ်လလျှင် သုံးသောင်းကျပ်နှုန်းမှ ခြောက်သောင်းကျပ်ကိုလည်းကောင်း    တိုးမြှင့်ပြီး လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိပါကြောင်း။

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လကစတင်ပြီး အိမ်ငှားစရိတ် အဖြစ် လူပျို၊ အပျိုများအတွက် မူရင်းလစာ၏ ၄ ရာခိုင်နှုန်းနှင့် အိမ်ထောင်သည်များအတွက် မူရင်း လစာ၏ ၈ ရာခိုင်နှုန်းကို လစဉ်ထောက်ပံ့လျက်ရှိပါ ကြောင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီးဝတ်စုံ စရိတ်အဖြစ် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် တစ်ဦး လျှင် သုံးသောင်းကျပ် ထောက်ပံ့လျက်ရှိပါကြောင်း။

 

ထို့ပြင်  ထိရောက်သည့်  သင်ကြားသင်ယူမှုမြှင့် တင်နိုင်ဖို့အတွက် ဆရာကျောင်းသား  အချိုးမျှတရန် လိုအပ်သည်နှင့်အညီ   ပညာရေးဝန်ကြီးဌာနတွင် ဆရာ  ဆရာမ အသစ်များကို  ခန့်ထားပေးခဲ့ရာ မူလ တန်းပြ၊   အလယ်တန်းပြ၊   အထက်တန်းပြ ဆရာ ဆရာမပေါင်း ၁၃၉၀၃ ဦး၊ တက္ကသိုလ်နည်းပြ၊ သရုပ် ပြ ၅၈၉၉ ဦးနှင့်   ပညာရေးဒီဂရီကောလိပ်နည်းပြ၊ သရုပ်ပြ   ၃၃၃   ဦးတို့ကို ခန့်အပ်ပေးခဲ့ပါကြောင်း၊ အခြားဝန်ကြီးဌာနများက    ကျောင်းအသီးသီးတွင် လည်း ဆရာ ဆရာမ ၇၅၃၇ ဦးကို   ခန့်အပ်ခဲ့ပါ ကြောင်း၊ ယခင်က ပညာရေးတက္ကသိုလ် နှစ်ခုမှာသာ ဖွင့်လှစ်ခဲ့သည့် ဘီအီးဒီ (စာပေးစာယူ) ဘွဲ့သင်တန်းကို ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှာ တစ်နှစ် လျှင် နှစ်သုတ်နှုန်းဖြင့် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။

 

အရည်အသွေးရှိသည့် ပညာရေးကို သင်ကြားနိုင် ခွင့်ရရှိရန်နှင့် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်အတွက်  အခြေခံပညာကဏ္ဍတွင် စာသင်ဆောင်အသစ် ၅၈၃၅ ဆောင်၊ စာကြည့်တိုက် ၁၂၅ ဆောင်၊ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်များ မှာ စာသင်ဆောင်အသစ် ၂၁ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၂၂ ဆောင်၊ ဆရာ ဆရာမ အဆောင် ၃ ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ ၃ ခု၊ သုတေသနစင်တာ ၅ ခု၊  စာကြည့်တိုက်  ၃ ခု၊ အားကစားရုံ ၁ ရုံနဲ့ ပညာရေးဒီဂရီကောလိပ်များမှာ စာသင်ဆောင်အသစ် ၂၃ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၄၀ ၊ ဝန်ထမ်းအိမ်ရာ ၂၇ ခု၊ စာကြည့်တိုက် ၁ ခု၊ အားကစားရုံ ၂ ရုံတို့ဆောက် လုပ်ပေးခဲ့သည့်အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းတိုင်းတွင်   သင်ထောက်ကူပစ္စည်း၊   စက် ပစ္စည်း၊ ပရိဘောဂ၊ ဓာတ်ခွဲခန်းသုံးပစ္စည်း၊ ရည်ညွှန်း စာအုပ်များကို ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ အခြား ဝန်ကြီးဌာနများမှ ကျောင်းအသီးသီးတွင် အဆောက် အဦ ၁၄၈ လုံးဆောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း။

 

အစွမ်းကုန်ကြိုးပမ်းအားထုတ်

နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးပြီး ပညာရေးကဏ္ဍ မြင့်မားစေရန် အဘက်ဘက်မှပံ့ပိုးပေးလျက်ရှိသကဲ့သို့ ပညာရေးဝန်ထမ်းများကလည်း မိမိတို့ကျရာ ကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း။

 

ယနေ့ကျင်းပသည့် ပညာရေးညီလာခံမှ ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းများရှာဖွေရေး၊    ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့်   နည်းလမ်းများရှာဖွေရေး၊ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး၊   ပြည်နယ်အားလုံး  ဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်း    အခြေခံရရှိရေးအတွက်  KG+10, 11, 12 တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များ သင်ကြားရေး၊ လုပ်ငန်းခွင်လက်တွေ့အသုံးကျမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံပညာရပ်များ ထိရောက်စွာ သင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊ အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်းကိုပါ     အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်နှင့်သင်ကြားရေး၊ ဝိဇ္ဇာ- သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေးနှင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိရန် ဆောင်ရွက်နိုင်မည့်   နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး  တိုင်းကျိုးပြည်ပြုရှေ့လုပ်ငန်းစဉ်  ရလဒ်ကောင်းများ     ပေါ်ထွက်လာအောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

 

ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့်နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင် စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ် သကဲ့သို့ ဥပဒေကို သိရှိလေးစားလိုက်နာတတ်ရန်နှင့် သိက္ခာရှိစွာ ပြုမူနေထိုင်တတ်အောင်လည်း လမ်းပြ သွန်သင်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ နောင်လာ နောက်သား မျိုးဆက်သစ်များ၏   အနာဂတ်ကို ပုံဖော်ရာတွင် စာသင်ကျောင်းများ၊ သင်ရိုးညွှန်းတမ်း အရည်အသွေးများ၊ ဆရာ ဆရာမများ၏ ဘာသာရပ် တတ်ကျွမ်းမှုများ၊  သင်ကြားရေးကျွမ်းကျင်မှုများ၊ နာ သုံးနာနှင့် ပြည့်ဝသည့် ဆရာ့ဂုဏ်နှင့် အသက်မွေး ဝမ်းကျောင်းပြုသည့် အလုပ်အပေါ်ထားရှိသည့် သဘောထားများနှင့် တန်ဖိုးထားမှုများက   အရေးပါနေမည်ပင်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ယခုကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)တွင် ဝန်ကြီးဌာန ပေါင်းစုံမှ ပညာရှင်များက အနာဂတ်မြန်မာ့ပညာရေး ပိုမိုကောင်းမွန်စေရေးအတွက်  ရှုထောင့်စုံမှ ရင်းနှီးပွင့်လင်းစွာ သုံးသပ်ဆွေးနွေးနိုင်ကြပါစေကြောင်း၊ ပညာရေးညီလာခံကြီးတွင် တက်ကြွစွာ ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်းများစွာဖော်ထုတ် နိုင်ပါစေကြောင်း၊ ပညာရေး မိသားစုများနှင့် နိုင်ငံသားများအားလုံး၏ စုပေါင်းစွမ်းပကားနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားသည်ထက် မြင့်မားရလေအောင် ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း၊ ပညာတတ်သည့် မျိုးဆက် များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေဟု   ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကျောင်းသား ကျောင်းသူလေးများနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “လူငယ်  ပွဲတော်သီချင်း”နှင့် “ပုလဲဒေဝီ ယိမ်းအက”တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

အထိမ်းအမှတ်လက်ဆောင် ပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ  မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ   (၂၀၂၃)    အထိမ်းအမှတ်လက်ဆောင်ကို ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်သည်တော်များသည်   အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခန်းမအတွင်း၌ ပညာရေးနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာန ၁၁ ခုမှ ခင်းကျင်းပြသထားသည့်   ပြခန်းများကို စိတ်ပါဝင်စားစွာ   လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ညပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ  ပညာရေးညီလာခံ (၂၀၂၃)   ဖွင့်ပွဲအထိမ်းအမှတ်    ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ ပညာရေးနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနအားလုံး   ပထမဆုံးအကြိမ်   ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။         

 သတင်းစဉ်