နေပြည်တော် မေ ၁၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အဆောက်အဦဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်များ၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများကို ယနေ့တွင် ရခိုင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ရုံးများနှင့် လူနေအဆောက်အဦများ၏ အမိုးအကာများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန်၊ မိမိတို့မူလတာဝန်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် လမ်းမကြီးပေါ်တွင် သစ်ပင်များလဲကျ ပိတ်ဆို့မှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ  ဖယ်ရှားရှင်းလင်းရာတွင် မိမိတို့ဝန်ကြီးဌာနမှ စက်ယာဉ်ယန္တရားများဖြင့် ပူးပေါင်းပါဝင် ရှင်းလင်းဆောင်ရွက်ပေးရန်၊ လမ်းကြောင်းတစ်လျှောက် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပျက်စီးသွားသော တံတားများအား ယာယီဘေလီတံတားထိုး၍ သွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးရုံအဆောက် အဦများ၊ တက္ကသိုလ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းများ၏ ပျက်စီးမှုကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ပစ္စည်းလိုအပ်ချက် စာရင်းပြုစုခြင်း၊ အမိုးသွပ်၊ သွပ်ရိုက်သံနှင့် သစ်လိုအပ်ချက်များအား ပြုစု၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆောက်လုပ်ရေးအဖွဲ့များ ပေါင်းစပ်ပြုပြင်နိုင်ရေး စီမံဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ထို့နောက် အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်း၊ မိုင်တိုင်အမှတ် (၂/၄)ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော သဲချောင်းတံတားအား ယာယီဘေလီတံတား အရှည်ပေ (၁၄၀)၊ အကျယ်(၁၈)ပေ တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၇)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခန့်က ယာယီတံတားထိုးနေမှု အခြေအနေနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်  လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ဆုံးဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်