နေပြည်တော် မေ ၁၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းက  ပျဉ်းမနားမြို့နယ် ဘောဂ သီရိကားကြီးကွင်းအတွင်း EV Charging Station တည်ဆောက်မည့် မြေနေရာကို သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က လိုအပ် သည်များကို မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် ပျဉ်းမနား မြို့နယ် မေတ္တာကန် သဲနှုန်းများတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က မေတ္တာကန်အတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ အများပြည်သူများ အပန်းဖြေနိုင်စေရေး ပန်းအလှပင်များ စိုက်ပျိုးထားရှိရန်နှင့် နားနေရန် ထိုင်ခုံများ ပြုလုပ်ထားရှိရန်တို့ကိုမှာကြားပြီး မေတ္တာကန် သဲနှုန်းများတူးဖော်ရေး လုပ်ငန်းအား သတ်မှတ်ရက်ထက် ဆောလျင်စွာပြီးစီးအောင် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး(၅)မှ ဝန်ထမ်းများကို နေပြည်တော်ကောင်စီက ဂုဏ်ပြုချီး မြှင့်ငွေကျပ် သိန်း ၃၀ ကို ချီးမြှင့်ပေးအပ်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့သွားရောက်၍ အဘိုးအဘွားများအား တစ်နေ့တာ အာဟာရဒါနအတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ လှူဒါန်းသည့် အလှူငွေ ကိုးသိန်းကျပ်ကို ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)