မြေပုံ မေ ၂၀

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် လူနေအိမ်နှင့် အဆောက်အဦများ၊ တာတမံများ၊ လူနှင့် တိရစ္ဆာန်များ သေကြေပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ယမန်နေ့ ညနေ ၅ နာရီခွဲက ရဟတ်ယာဉ်ဖြင့် မြေပုံမြို့သို့ ရောက်ရှိသည်။

 

နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေးအဖွဲ့များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်မှ သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် မိုခါမုန်တိုင်း တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှုများအား Projector ဖြင့် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် တခြားမြို့နယ်များထက် ဆိုးဆိုးဝါးဝါးပျက်စီးဆုံးရှုံးမှု မရှိသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှုများသည့်နေရာများကို ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌ ပျက်စီးဆုံးရှုံးမှု စာရင်းဇယားမှန်ကန်မှု အရေးကြီးကြောင်း၊ ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

တင်ဝင်း၊ မြို့နယ်(ပြန်/ဆက်)