နေပြည်တော် မေ ၂၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှ နှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသို့ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးမှု အခြေအနေများ၊ ပြန်လည်ပြင်ဆင်ရမည့် အစိတ်အပိုင်းများ၊ ပြန်လည်ဆယ်တင်ရရှိနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မိုခါမုန်တိုင်းဒဏ်သင့် ဝန်ထမ်း(၁၉)ဦးကို (၁)ဦးချင်းစီ ကူညီထောက်ပံ့ငွေ (၂)သိန်းကျပ်စီနှင့် ဆေးဝါး၊ အစားအသောက်၊ ဆိုလာမီးများကို ထောက်ပံ့ လှူဒါန်း ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများကို အားပေးစကား ပြောကြားရာတွင် ရုံးအဆောက်အဦ ပျက်ဆီးဆုံးရှုံးသွားသော်လည်း စိတ်ဓာတ်မကျဘဲ စည်းလုံးညီညွှတ်စွာဖြင့် မည်ကဲ့သို့ ပြန်လည်တည်ဆောက်ကြမည်ကို ညှိနှိုင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဆုံးရှုံးသွားမှုများအပေါ် လုံ့လ၊ ဝရိယဖြင့် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်:စည်း ကမ်းနှင့်အညီ သုံးစွဲရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတင်လှ က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများကို ယခုကဲ့သို့ လာရောက်စောင့်ရှောင့် ကူညီထောက်ပံ့မှုများ ပေးအပ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်