နေပြည်တော် မေ ၂၀
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများလိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်မည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်မည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်ထူးထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် စံပြဖြစ်အောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းနှင့် ကျန်းမာရေးကိုအထူးဂရုပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေပြည်တော်ကောင်စီကထောက်ပံသည့် ဂုဏ်ပြု ထောက်ပံ့ငွေကျပ် ၃၅ သိန်း၊ ဆန်၊ ဆီ၊ ငါးခြောက်၊ ငါးပိ၊ အသင့်စားဆန်၊ ကြက်ဥ၊ အသင့်စားခေါက်ဆွဲခြောက်တို့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်ကပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်