မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ရှစ်မျိုးနှင့် မျိုးနွယ်စု ၁၃၅ မျိုးတို့ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသော ရှမ်းပြည်နယ် သည် ရှမ်းတိုင်းရင်းသားလူမျိုးများ ၃၄ မျိုးနေထိုင်ကြ သော ဒေသဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ရှမ်း(တိုင်း)အနွယ်ခွဲဝင်ဘာသာစကားများကို ပြောဆိုသူတို့အနက် ဦးရေအများဆုံးဖြစ်သော ရှမ်းတို့၏အမည်သည် ရှေးကျသည်။ 

 

ယိုးဒယား(ထိုင်း)နိုင်ငံကို မတည်ထောင်မီ ကတည်းကပင်ရှိသောအမည် ဖြစ်သည်။ ရှေးဟောင်း မြန်မာကျောက်စာတွင် အေဒီ ၁၁၂ဝ ပြည့်နှစ်လောက်မှစ၍ သျံ၊ သျမ် ဟုတွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်း အမည်ကို အေဒီ ၁ဝ၅ဝ ပြည့်နှစ်မတိုင်မီက တွေ့ရပေသည်။

 

ထိုရှမ်းလူမျိုးတို့တွင် ခန္တီးရှမ်းလည်းအပါအဝင် ဖြစ်သည်။ ခန္တီးမှာ'ခါမ်တီ'ရွှေမြေဟု အဓိပ္ပာယ်ရသည်။ ရှမ်းဘာသာနှင့် ခံတီဟုရေးသည်။ ရှေးမြန်မာကျောက်စာတို့တွင် အလှူရှင်၊ သက်သေဟု တွေ့ရှိရသည်။ ယင်းနေရာ သည် ခန္တီးရှမ်းတို့ စတည်းချနေထိုင်ရာဒေသ ဖြစ်ပေသည်။ ယခုအခါတွင် မြစ်ကြီးနားခရိုင် ပူတာအိုနယ်ရှိ ခန္တီးလုံ( ခန္တီးကြီး)၊ ချင်းတွင်းမြစ်ဖျားဒေသရှိ ဇင်္ဂလိန်ခန္တီး နယ်တို့၏ အမည်များနှင့် ထိုဒေသရှိ ရှမ်းတို့၏အမည်အဖြစ် ခန္တီးကို သုံးလျက်ရှိပါသည်။ ခန္တီးရှမ်းအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ခန္တီးရှမ်းအများစုသည် ဟူးကောင်းမြေပြန့်မှ ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် တောင်ဘက် သောင်သွပ်၊ ကလေးမြို့များအထိ ပျံ့နှံ့ခဲ့သော ရှမ်းပြည်နယ်၏မြောက်ပိုင်းတွင် ကွက်၍ကျန်ခဲ့သော နယ်မြေများဖြစ်ကြပေသည်။

 

မြန်မာနိုင်ငံရှိ ရှမ်း(တိုင်း)အားလုံးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ရှမ်းပြည်နယ် သံလွင်မြစ် အရှေ့ဘက်ဒေသရှိ ရှမ်းတို့၏အက္ခရာများမှာ မွန်-မြန်မာ အက္ခရာများပင်ဖြစ်သည်။ စ၊ န၊ ဟ တို့သာ အနည်းငယ် ကွဲပြားကြသည်။ ထို မွန်-မြန်မာအက္ခရာများနှင့် ရေးသား သော ရှမ်းစာတို့သည် သံနေသံထား တိကျစွာဖော်ပြနိုင် ခြင်း မရှိပေ။ ခန္တီးရှမ်းတို့တွင်လည်း စာပေရှိကြသည်။ ၎င်းတို့၏စာပေတွင်လည်း မြန်မာအက္ခရာများကိုပင် အသုံးပြုကြသည်။ သို့သော်လည်း အက္ခရာပုံသဏ္ဌာန်များ မှာ ပိုပြီး ရှေးကျဟန်တူပေသည်။ ခေတ်သုံး မြန်မာအက္ခရာ ပုံသဏ္ဌာန်များနှင့် ကွဲပြားသွားသည်ကို တွေ့နိုင်ပေသည်။

 

အကွဲပြားဆုံးမှာ အဟုမ်ရှမ်းတို့၏ အက္ခရာပင်ဖြစ်သည်။ အက္ခရာပင်ရှိသော်လည်း အဟုမ်ရှမ်းတို့သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြဘဲ ၁၈ ရာစုနှစ်များ လောက်မှစ၍ ဟိန္ဒူဝါဒကို လက်ခံယုံကြည်ခဲ့ကြသည်။ ၎င်းတို့၏စာပေတွင်လည်း ဟိန္ဒူဝါဒရေးရာ စာပေများပင် ဖြစ်ကြသည်။

 

အဟုမ်တို့၏ နိုင်ငံသမိုင်းကို ရေးသားထားသော ဘူရန်ဂျီကျမ်းတို့သည် အာသံနယ် ယဉ်ကျေးမှုအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ထိုရှမ်းတို့သည် အိန္ဒိယယဉ်ကျေးမှုကိုရရှိ၍ အိန္ဒိယသားများဖြစ်နေတော့သည်။ သို့သော်လည်း ဆာဒိယ၊ လက်ခင်ပုနှင့်စီဗက်(စ)ဂါရ် တို့အနီးတွင် ဗုဒ္ဓဘာသာဝင်များဖြစ်သော ခန္တီးရှမ်းနှင့် ရှမ်းများရှိနေကြသေးသည်။

 

အာရှတိုက်အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းဒေသတို့တွင် သမိုင်းတစ်လျှောက် နေထိုင်ခဲ့ကြသည့် ရှမ်း(တိုင်း)တို့သည် ဆိုင်ရာဒေသအသီးသီးတွင် ယဉ်ကျေးမှု အဆင့်အတန်းအမျိုးမျိုးနှင့် နေလာခဲ့သော လူမျိုးဖြစ်ပေသည်။ အများစုသည် တောင်ယာ ယဉ်ကျေးမှုအဆင့်မှ လယ်ယာယဉ်ကျေးမှု အဆင့်သို့ ကူးပြောင်းလာခဲ့ကြပြီး ယခုအခါ တွင် ခေတ်မီတိုးတက်သော ရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းများကို လုပ်ကိုင် နေထိုင်ကြပြီဖြစ်ပေသည်။ သို့သော်လည်း ကုန်းမြင့်ဒေသတွင် နေထိုင်ကြသော ရှမ်းတို့သည် တောင်ခြေမြေပြန့်ချိုင့်ဝှမ်းတွင် စပါးစိုက်ပျိုး၍ အသက်မွေးကြသည်။ မြေပြန့်ချိုင့်ဝှမ်းရှိ ဈေးများတွင် ကူးသန်းရောင်းဝယ်ဖောက်ကားမှု လုပ်လေ့ရှိကြသည်။ အချို့မှာ လက်မှုပညာဖြင့် အသက်မွေး ဝမ်းကျောင်းမှု ပြုကြသည်။ ဗုဒ္ဓဘာသာဝင် များသည် ဗုဒ္ဓဘာသာဆိုင်ရာ ရေးရာတွင် ကိုင်းရှိုင်းရိုသေကြပြီး ငြိမ်းချမ်းသာယာစွာ နေထိုင်ကြပေသည်။ ထိုင်းနိုင်ငံရှိ ရှမ်းတို့သည် ယဉ်ကျေးမှုနှင့်စာပေတို့တွင် ခေတ်မီ တိုးတက်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြသည်။

 

အဟုမ်ရှမ်းတို့၏ ဘူရန်ဂျီသမိုင်းတွင် အာသံပြည်သို့ ခရစ် ၁၂၂၈ ခုနှစ်၌ ဝင်ရောက် လာသည်ဟုဆိုပြီး ဂျီအိတ်လုစ်ကမူ ဘူရန်ဂျီ သမိုင်းမှ သက္ကရာဇ်မှာ အနည်းဆုံးနှစ် ၂ဝဝ ခန့် စောနေသည်ဟု တရုတ်သမိုင်းများကို ကိုးကားယူဆထားပေသည်။ တရုတ်ပြည် မင်မင်းဆက်သမိုင်းများအရ ရှမ်းများသည် ယူနန်နယ် အနောက်တောင်ပိုင်းအား တိုက်ခိုက်သိမ်းပိုက်သောကြောင့် မော စော်ဘွားစုံချန်ဖနှင့်သား စုချိဖ(သိုချီဘွား)တို့ကို တိုက်ခိုက်သဖြင့် မောရှမ်းနွယ်များသည် ဧရာဝတီမြစ်အနောက်ဘက်သို့ ဆုတ်ခွာ ရွှေ့ပြောင်းခဲ့ကြသည်ဟု ဆိုပေသည်။ မြန်မာပြည်မြောက်ပိုင်း အာသံပြည်အရှေ့ဖျား ဒေသသို့ ကချင်လူမျိုးများရွှေ့ပြောင်းလာ သောအခါ မူလခန္တီးရှမ်းတို့သည် ပူတာအို မြေပြန့်တွင် စုပေါင်းနေရစ်ခဲ့ကာ အချို့အစု များက ချင်းတွင်းမြစ်ဖျားနှင့် အာသံပြည် ဘက်သို့ ရွှေ့ပြောင်းခဲ့ကြဟန်တူသည်ဟု ယူ ဆကြသည်။

 

အာသံပြည် ခန္တီးသမိုင်းတွင် ဆာဒိယ နယ်တွင် ကိုယ်ပိုင်စော်ဘွား ဘူရဟရာဇာ နှင့်ကေရာဇာ မည်သော စော်ဘွားနှစ်ပါး အုပ်စိုးသည်ဟု ဆိုပေသည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲနောက်ပိုင်း မြန်မာဘုရင် သြဇာသည် အာသံမဏိပူရ ကသည်းဒေသ၌ ယုတ်လျော့လာခဲ့သည်။ အရှေ့အိန္ဒိယကုမ္ပဏီ ၏ အုပ်ချုပ်ရေးကိုယ်စားလှယ်၏ ခန့်အပ်မှုဖြင့် ဗိုလ်မှူးကြီးဝှိုက်ကို နိုင်ငံရေးအရာရှိခန့်ထားပြီး အုပ်ချုပ်သော်လည်း မူလခန္တီးစော်ဘွား ခိုဝါဂိုဟန်၏ အုပ်ချုပ်မှုကို ဆက်လက် အသိ အမှတ်ပြုထားသည်။ သို့သော်လည်း ခန္တီးတို့ ကမူ ဗြိတိသျှအုပ်စိုးမှုကို မလိုလားသော ကြောင့် ထကြွပုန်ကန်ကြကာ ဗိုလ်မှူးကြီး ဝှိုက်ကျဆုံးပြီး နယ်အတွင်းမတည်ငြိမ်မှု အလွန်များလာသောကြောင့် ဗြိတိသျှတပ် များ စစ်ကူပို့ကာ အခြေအနေကို ထိန်းသိမ်းပြီး ခန္တီးတို့ကို အာသံပြည်အောက်ပိုင်းသို့ နယ်နှင် ရွှေ့ပြောင်းနေထိုင်စေခဲ့သည်။ ခန္တီး ရှမ်းတို့သည် တိုက်ခိုက်ရေးတွင် အလွန်ရဲရင့်ပြီး သတ္တိကြီးကြသည်ဟု ဆိုကြသည်။ အစဉ် အလာအားဖြင့် မြန်မာဘုရင်တို့၏ အုပ်ချုပ်မှု ကို ခံယူကြသူများဖြစ်ပြီး မိုးကောင်းစော်ဘွားမှ တစ်ဆင့်မြန်မာဘုရင်မှ သစ္စာတော်ပေးထားကြသည်။

 

သီတင်းကျွတ်ခါတိုင်း မြန်မာဘုရင်ကို ပဏ္ဏာဆက်သရသည်။ ဘိုးတော်ဘုရား လက်ထက်တွင် ခန္တီးရှမ်းအချင်းချင်း မသင့် မမြတ်ဖြစ်၍ မိုးကောင်းစော်ဘွားက ခန္တီးစော်ဘွား၏ ဆွေတော်မျိုးတော်များကို မိုးကောင်းသို့ ခေါ်ယူထားသည်။ ထို့နောက် ခ္တီးစော်ဘွားက ခန္တီးနယ်ကို အုပ်ချုပ်ရန် တောင်းဆိုမှုကြောင့် မြန်မာဘုရင်က ခန္တီး စော်ဘွားတစ်ဦးကို စေလွှတ်အုပ်ချုပ်စေခဲ့ သည်။ ပုဂံမင်းလက်ထက်တွင် ခန္တီးတို့ ပဏ္ဏာဆက်ရန် ပျက်ကွက်သောကြောင့် ပုဂံမင်းက စော်ဘွားခုနစ်ဦးခေါင်းဆောင်သော တပ်ခုနစ်တပ်စေလွှတ်၍ အုပ်ချုပ်မှုကို စီမံစေခဲ့သည်။ ထိုစော်ဘွား ခုနစ်ပါးမှ ဆင်းသက်သူတို့သည် ယနေ့အထိ တိုင်းခုနစ်နယ်အဖြစ် တည်ရှိနေပေသေးသည်။

 

ခန္တီးရှမ်းတို့သည် အာသံပြည်နေ အဟုမ်ရှမ်းတို့နှင့်မတူဘဲ ဗုဒ္ဓဘာသာကို အလွန်ယုံကြည်သက်ဝင်ကြသူများ ဖြစ်ကြ သည်။ ခန္တီးရိုးရာကြက်ဖခွပ်အကသည် ယောကျာ်းသားလေးဦးက ကြက်ဖကဲ့သို့ ဝတ်ဆင်ပြီး ဗုံရှည်ကိုလွယ်ကာ ခုန်၍ လှည့်ပတ်ကရသော အကတစ်မျိုးဖြစ်သည်။ ခန္တီးရိုးရာ ကြက်ဖခွပ်အကကို ရှေးကစစ်ချီ စစ်ထိုးအကအဖြစ် ကပြခဲ့ကြသော်လည်း ယခုအခါ ရှင်ပြုပွဲများတွင် ရိုးရာမပျက် ကပြကြသည်ဟု သိရှိရပေသည်။ ထို့ပြင် 'ဘုတ်မွေးရင်သက်၊ တက်နက်မောက်ချွန်း၊ မြီးစွန်းထင်းစည်း၊ မောက်လုံးကြီးနှင့်၊ ခြေကြေးသုံးဆယ်၊ ဝိုင်းကြီးပယ်' ဟု တိုက်ကြက်လက္ခဏာများကို ဖော်ဆောင် ထားသည့်အလျောက် အမှန်တကယ် တိုက်ကြက်တစ်ကောင်၏ အရောင်အသွေး များအလိုက် တူညီအောင်ပြုလုပ်ဖန်တီး၍ ကခုန်ကြပေသည်။ ကြက်များခွပ်သည်ကို အတုယူ၍ ကြက်ခွပ်တမ်း ကစားကြသည်ကို ကလေးလူကြီးများအကုန် သိရှိပြီးဖြစ်ပေ သည်။ ထိုနည်းအတိုင်းပင် ခန္တီးရိုးရာ ကြက်ဖ ခွပ်အကသည် ပျော်ရွှင်စွာကပြရခြင်း၊ မြင်ရသူတို့အဖို့ အံ့သြဘနန်းဖြစ်ရခြင်းတို့ကို ဖြစ်စေပါသည်။

 

စာရေးသူအနေဖြင့် ဤခန္တီးရိုးရာ ကြက်ဖခွပ်အကအား လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြထားသော ဗီဒီယိုအားကြည့်ရှု ခံစားရပြီးကတည်းကပင် ဤအကြောင်းကို မြန်မာနိုင်ငံရှိ မသိရှိကြသေးသော ပြည်သူ ပြည်သားများအားခန္တီးရိုးရာကြက်ဖခွပ်အကအကြောင်း သိရှိနိုင်ကြစေရန်ရည်ရွယ်၍ ခန္တီးလူမျိုးများအကြောင်းနှင့် ရိုးရာကြက်ဖခွပ် အကြောင်းကို စာပေများစုဆောင်းဖတ်ရှုပြီး ရေးသားတင်ပြထားခြင်းသာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများတွင် မိမိတို့ဒေသ၊ လူမျိုးများ၏ ရိုးရာဓလေ့များကို အလေးထားထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်ကို တွေ့ မြင်ရသည့်အတွက် မိမိတို့နိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များကို လေးစားအတုယူစွာဖြင့် အစဉ်အဆက် လေးစားဂုဏ်ယူလျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။

 

ကိုးကား

 

- မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၁)

 

- မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)