မေ ၂၂
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်တွင် ယမန်နေ့က အာဖဂန်လေတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှစ်ဦးသေဆုံးကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
လေကြောင်းတပ်ဖွဲ့ပိုင် MD-530 အမျိုးအစား ရဟတ်ယာဉ်သည် ဆာမန်ဂန်ပြည်နယ်တွင် ကင်းလှည့်ပျံသန်းနေစဉ် မနက် ၉ နာရီအချိန်တွင် လျှပ်စစ်ဓာတ်အားလိုင်းဖြင့်တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာ အကောင့်တွင် ဖော်ပြထားသည်။
ထိုမတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်းနှင့် သေဆုံးသူနှစ်ဦး၏မိသားစုဝင်များအား ၎င်းတို့နှင့်ထပ်တူဝမ်းနည်းကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းဖော်ပြထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို