နေပြည်တော် ၊ မေ ၂၂

 

(၂၂)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ အကြား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (22nd Meeting on Cooperation to Combat Trafficking in Persons between Myanmar Police and Department of Special Investigation)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။    

 

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ် ၁၅ ဦးနှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Pol. Maj. Arit Tatsaphan ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၂၁ ဦး တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်က Video Conference စနစ်ဖြင့် ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်ကာလအတွင်း နယ်စပ်ဖြတ်ကျော် ဖြစ်ပွားသော လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ၊ ပြောင်းလဲ လာသော လူကုန်ကူးမှုပုံစံများနှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်မှု ဖြစ်စဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား များအား ပြန်လည်လွှဲပြောင်းရာတွင် လူကုန်ကူးခံရခြင်းမရှိသူများကို လူကုန်ကူးခံရသူ(Victim)အဖြစ် သတ်မှတ် လွှဲပြောင်းပေးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)