နေပြည်တော် မေ ၂၂
ဌာနပေါင်းစုံ ပူးပေါင်းပါဝင်သော သဘာဝဝတ်မှုန်ကူးမျိုး ဆင်းရွှေကြာ-၂ မျိုးသန့်ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြ ပွဲကို မေ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာ စံပြစိုက်ကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်ဝန်ထမ်းများနှင့် ဒေသနေတောင်သူများ တက်ရောက်ကြသည်။
ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ကလမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးတက်ရရှိရေး၊ အစားအစာ ဘေးကင်းလုံခြုံရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေအနေပေးသည့် ဒေသများတွင် အထွက်နှုန်း ပိုကောင်းမွန်သော နေကြာစပ်မျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိသကဲ့သို့ မျိုးကောင်းမျိုးသန့်များ ပိုမိုအသုံးပြုနိုင်ရေးအတွက် မျိုးသန့်မျိုးပွား ထုတ်လုပ်ရေးလုပ်ငန်း များကို တောင်သူများကိုယ်တိုင် ပါဝင်လုပ်ကိုင်ရေး အားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တောင်သူများနှင့်အတူ နေကြာသဘာဝဝတ်မှုန်ကူးမျိုး ဆင်းရွှေကြာ-၂ မျိုးသန့်ဝတ်မှုန်ကူးခြင်း လက်တွေ့ ပညာပေးသရုပ်ပြပွဲကို ကြည့်ရှုအားပေ သည်။
နေပြည်တော်ကောင်စီနယ်မြေကို လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်သည့် စံပြဒေသတစ်ခုအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သီးနှံမျိုးစေ့ထုတ်လုပ်မှုကဏ္ဍတွင် အခြားသော တိုင်းဒေသကြီး ပြည်နယ် များအတွက် စံနမူနာဖြစ်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်း ဖြစ်သည်။
(သတင်းစဉ်)