မေ ၂၃

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်နီဗေးမြို့ရှိ အဝေးပြေးလမ်း ၁၀၁ တွင် ယမန်နေ့မနက်အစောပိုင်းက ယာဉ်အများအပြားဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့ကြောင်း အဝေးပြေးလမ်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုတွင် ယာဉ်ခြောက်စီးထက်မနည်းဆင့်တိုက်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ မြောက်ဘက်သို့ သွားသော ပစ်ကပ်ထရပ်ကားက အလယ်နံရံကိုဝင်တိုက်မိခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ထို့နောက် အခြားယာဉ်လေးစီးသည် ပစ်ကပ်ထရပ်ကားဖြင့် တိုက်မိကြောင်း၊ ကားသမားသုံးဦးသည် ၎င်းတို့၏ကားများ အတွင်းမှအပြင်သို့ထွက်လာစဉ် အခြားကားတစ်စီးက ထိုကားသမားများကိုဝင်တိုက်မိသည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ထိုယာဉ်အများအပြားဆင့်တိုက်မှုကြောင့် ဒဏ်ရာရရှိသူငါးဦးကို ဒေသတွင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ယာဉ်မတော်ဖြစ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

 

ယာဉ်မတော်တဆမှုဖြစ်ပွားသည့် အဝေးပြေးလမ်းကို ကိုးနာရီနီးပါးပိတ်ထားခဲ့ပြီးနောက် ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်ဟု ကယ်လီဖိုးနီးယား သယ်ယူပို့ဆောင်ရေးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို