နေပြည်တော် မေ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၂ ရက် နံနက်ပိုင်းက စစ်တွေမြို့ ကမ်းခြေပတ်လမ်း၌ လေမုန်တိုင်းဒဏ်ကြောင့် လမ်းနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးသွားမှုများကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် ကန်အတွင်းမှ ရေကို စုပ်ယူသန့်စင်ပြီး ရပ်ကွက်နေပြည်သူများအား ရေဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ရွေ့လျားရေသန့်စင်ကားများကို မင်းပြားမြို့သို့ တစ်စီး၊ ရေသေ့တောင်မြို့သို့ နှစ်စီး ပို့ဆောင်ပေးထားပြီး Life Staw ရေသန့်စက်ငယ် ၅၀ ကို စစ်တွေ၊ ပေါက်တော၊ ရေသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များသို့ ဖြန့်ဝေပေးပို့ ဆောင်ရွက်လျက်ရှိသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ပေါ်ရှိ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရုံးများသို့ သွားရောက်ကာ ဝန်ထမ်းအိမ်ရာနှင့် ရုံးများ အမြန်ပြုပြင်ပြီးစီးရေးနှင့် ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်