မေ ၂၄

 

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဂိုအာပြည်နယ်တွင်  ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့်  လေးဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိ မော်လဝီအဒူဝါဟစ်ဟာမတ်က ပြောကြားသည်။

 

ပြည်နယ်မြို့တော်ဖာရောဇ့်ကို့အပြင်ဘက်တွင် ယမန်နေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုများကြောင့် မာဒရာဆာကျေးရွာရှိ အမျိုးသမီးသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု ထိုတာဝန်ရှိသူက ပြောကြားသည်။

 

အဆိုပါဒေသများတွင် စစ်တမ်းကောက်ယူမှုဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် လူအသေအပျောက်ပိုမိုများပြား လာနိုင်သည်ဟု ၎င်းကထပ်လောင်းပြောသည်။

 

ထိုရေကြီးရေလျှံမှုကြောင့် နေအိမ်အများအပြားလည်း ပျက်စီး သို့မဟုတ် မျောပါသွားသည်ဟု ၎င်းကဆိုသည်။

 

လွန်ခဲ့သောသီတင်းပတ်က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနန်ဂါဟာပြည်နယ်တွင် အလားတူရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

 

စစ်ဘေးဒဏ်ခံရသောအာဖဂန်နစ္စတန်နိုင်ငံတွင် အထူးသဖြင့် ကျေးလက်ဒေသများရှိလူနေအိမ်များသည် အများအားဖြင့်ရွှံ့များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သဘာဝဘေးများဖြစ်လေ့ဖြစ်ထရှိကြောင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ဖြစ်ပွားခြင်းကြောင့် အလွယ်တကူပျက်စီးလေ့ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို