ရန်ကုန် မေ ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်နှင့် မန္တလေး)တို့ ပူးပေါင်း ကျင်းပသည့် ပြဇာတ်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို မေ ၂၄ ရက် နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြဇာတ်ဆိုင်ရာ ဆွေးနွေးကြမည့် အနုပညာရှင်ကြီးများ၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက ပြဇာတ်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အကယ်ဒမီများရှင် ဦးငြိမ်းမင်းက ပြဇာတ်၏တန်ဖိုး၊ ဦးရဲထွဋ်(သန်လျင် မောင်ဝင်းဝါ)က ပြဇာတ်အကြောင်း- အနာဂတ်နှင့် စကားစမြည်၊ ဦးစုအောင်(ချစ်စုအောင်)က လက်တွေ့မှ သဘောတရားသို့ (သို့မဟုတ်) ကျွန်တော်နှင့် ကျွန်တော်ပြဇာတ်များ၏ အတွေ့အကြုံ၊ ဦးဝင်းနိုင် (ဘငြိမ်းဝေ)က မြန်မာပြဇာတ်၊ ဦးနန်းဝင်း(သဘင်ပညာရှင်)က ပြဇာတ်ဖန်တီးမှုဆိုင်ရာ အတွေ့အကြုံများ၊ ကထိက ဦးမြတ်လင်းက ပြဇာတ်လက်တွေ့သရုပ်ဆောင်ခြင်း၊ ကထိက ဒေါ်ပပမျိုးက ပြဇာတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇာတ်ရုံများ၏ အခန်းကဏ္ဍ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြသည်။
ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်လျက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်