ဘားအံ မေ ၂၄
“ပြေးခုန်ပစ်အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း” ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မေ ၂၄ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ပြေးခုန်ပစ်အသင်းအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် ပြေးခုန်ပစ်အသင်းထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံငွေ ကျပ် ၁၀ သိန်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ ထောက်ပံ့ငွေကျပ် နှစ်သိန်းနှင့် ဇော်သက္ကကုမ္ပဏီမှ ထောက်ပံငွေကျပ် ငါးသိန်းတို့ကို ပေးအပ်ရာ ပြည်နယ်ပြေးခုန်ပစ်အသင်း အုပ်ချုပ်/နည်းပြအဖွဲ့များက လက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မေ ၂၉ ရက်မှ ဇွန် ၂ ရက်အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား ၂၂ ဦးနှင့် နည်းပြ/အုပ်ချုပ်သူ ငါးဦးတို့အား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ထောက်ပံ့မှုဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် ဖွင့်လှစ်သင်ကြားသည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်များဖြစ်သော အခြေခံကွန်ပျူတာသင်တန်း၊ မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ခြင်းသင်တန်းနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲကို တက်ရောက်ပြီး အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ထူးချွန်သင်တန်းသူတစ်ဦးအား အပ်ချုပ် စက်တစ်လုံးနှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က မိတ်ကပ်နှင့်ဆံပင်အလှ ပြုပြင်ခြင်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးကျော်စိုးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ်ဆေးရုံ၌ ကျင်းပသည့် လူထုကျန်းမာရေး လုပ်သား သင်တန်းဆင်းပွဲကို တက်ရောက်ကာ သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား သင်တန်းသူ သုံးဦးအား ဂုဏ်ပြုဆုများကို လည်းကောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ လူထုကျန်းမာရေး လုပ်သားမောင်မယ်များအား လူထုကျန်းမာရေးလုပ်သားဝတ်စုံများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)