တောင်ကြီး မေ ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ၊ အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်အဖွဲ့စီဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကိုအဆိုပါကျောင်းဒေါ်ခင်သိန်းခန်းမ၌ကျင်းပရာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ကျောင်းအပ်နှံ ရေးနေ့ သီချင်းဖြင့် လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက နိုင်ငံသားတိုင်း အခြေခံပညာ အဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက် စေရေးအတွက် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းကို ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသင်း အဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများ ပူးပေါင်း ပါဝင်ပံ့ပိုး ကူညီမှုများဖြင့် နှစ်စဉ်နှစ်တိုင်း မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ် ပြီး အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေး အခမ်းအနား များ ဆောင်ရွက်ကြပါကြောင်း၊ ပညာသင်နှစ်အစပိုင်းတွင် မိဘများအခက်အခဲမ ရှိစေဘဲသားသမီးများကို ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနက ဗလာစာအုပ်၊ ဘောပင်၊ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်ပြဌာန်း ဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေမြဲရေးအတွက်လိုပါကြောင်း၊ ယင်းအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင် ကောင်းများ ဖြစ်ထွန်းလာစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင် ထောက်ပံ့ကြေးများကို ပေးအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့် ရရှိနိုင်ရေးအတွက် ခရိုင်(၅၀)၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်း ကျောင်း (၅၁)ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခြေခံပညာအလယ် တန်းဆင့်(Grade-9)ပြီးမြောက် အောင်မြင်ပြီး ပညာဆက်လက် သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာ အထက်အဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင် ယူနိုင်မည့်အခွင့် အလမ်းများရှိပါကြောင်း၊ အလယ်တန်းဆင့် (Grade-9)ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူ နိုင်ရေးအတွက် လျှောက်ထားနိုင်မှာဖြစ်ပြီး ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်း(၅၁) ကျောင်း တွင် တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများသည် အထက်တန်း သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ များကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းရောက်ရန် မိဘများ၏ အဓိကတာဝန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်နောက် ကျောင်းအပ်နှံရေးအခမ်းအနားတွင် အခမဲ့ပုံနှိပ်စာအုပ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဒုတိညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်မှလည်းကောင်း၊ အခမဲ့ဗလာစာအုပ်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ တောင်ကြီးခရိုင်ပညာရေးမှူး ဒေါ်ယမင်းစုမှ လည်းကောင်း ၊ ကျောင်းဝတ်စုံများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ပေးအပ်ရာ လွိုင်ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးမှ လည်းကောင်း၊ (Grade-5) သင်ထောက်ကူပစ္စည်းများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်က ပေးအပ်ရာ လင်းခေးခရိုင်ပညာရေးမှူး ဦးညီညီမှလည်းကောင်း၊ (Grade-8) သင်ထောက် ကူပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ပေးအပ်ရာ ပင်းတယ ခရိုင်ပညာရေးမှူး ဦးခင်ဇော်ထွန်းမှ လက်ခံရယူကြသည်။
ယင်းနောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က(၇) ကျောင်းသား၊ ကျောင်းသူ များက "ဇာတိမာန်" သီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထား သော ပညာရေးပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့် တာဝန်ရှိသူများသည် မွန်းတည့် ၁၂ နာရီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာ အုပ်စုတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း(ပေါင်လင်း) ဖွင့်လှစ်နိုင်ရေးအတွက် သွားရောက်ကြည့်ရူစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူများနှင့််တွေ့ဆုံသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပေါင်လင်း ကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် စငေါကျေးရွာ အုပ်စုအခြေခံပညာ မူလတန်းကျောင်း(နမ့်ဟူး)တို့တွင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပညာရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်ပြဌာန်း ဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်း မတွင် အမှတ်(၄)၊ အမှတ်(၆) အခြေခံပညာအထက်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)