နေပြည်တော်  မေ ၂၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာချထားရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာများအတွက် အကွက်ချမြေနေရာ ကိစ္စရပ်များ၊ အိမ်များပြန်လည်တည်ဆောက်နိုင်ရေး၊ အိမ်ဆောက်ပစ္စည်းများ ဆောင်ရွက်ပေးမည့် အခြေအနေနှင့် လေးဘေးသင့်ပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာချထားရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ပြန်လည် ထူထောင်နေရာချထားရေးအတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ  နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)