နေပြည်တော် မေ ၂၅

(၁၂) ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (12th ASEAN Para Games) ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပသွားမည်ဖြစ်၍ မြန်မာနိုင်ငံမသန်စွမ်းသူ များအားကစားအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား ရွှေတံ ဆိပ်ဆုများရရှိအောင် ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

“(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ အားကစားနည်း (၁၄) မျိုးအနက် (၈) မျိုးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားနည်း (၈) မျိုးကတော့ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ Goal Ball ၊ အလေးမ၊ စားပွဲ တင်တင်းနစ်နဲ့ စစ်တုရင်တို့ဖြစ်ပါတယ်။ မသန်စွမ်းအားကစားနည်းတွေမှာ ပါဝင်ကစားနိုင် တဲ့ မသန်စွမ်းမှုအမျိုးအစားတွေကတော့ ကိုယ်အင်္ဂါ (ခြေ/လက်) စွန့်လွှတ်ထားရ၍ မသန် စွမ်းသူ၊ ပိုလီယိုဖြစ်သူ၊ သူငယ်နာအကြောတင်းဖြစ်သူ၊ အမြင်အာရုံ ချို့ယွင်းသူတွေပဲဖြစ် ပါတယ်။ ဒီလိုမသန်စွမ်းသူတွေကို ရွေးချယ်ခေါ်ယူပြီး ကစားနည်းအလိုက် နည်းပြဆရာ တွေထံအပ်နှံရပါတယ်။ သူတို့ကို နည်းပြဆရာတွေက အခြေခံမှစပြီး လေ့ကျင့်ပေးခဲ့ပါ တယ်” ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး က ပြောသည်။

(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်အနေဖြင့် အားကစားသမားများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စ၍ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး ၎င်းအားကစားသမားများ အနက်မှ  ဆုတံဆိပ်ရရှိနိုင်သူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အပြီးသတ်ရွေးချယ်ကာ ဆက်လက်လေ့ကျင့်စေခဲ့ကြောင်း သိရသည်။

“ဒီနှစ်ပြိုင်ပွဲကို အရင်ဝင်ရောက်ယှဉ်ပြိင်ခဲ့တဲ့ ပြိုင်ပွဲတွေထက် ဆုတံဆိပ်တွေပိုပြီး ရယူဖို့ ရည်မှန်းထားပါတယ်။ အဓိကတော့ ရွှေတံဆိပ်တွေရရှိဖို့ လေ့ကျင့်ထားပါတယ်။ အလားအလာရှိတဲ့ မျိုးဆက်သစ်အားကစားသမားတွေကိုလည်း နိုင်ငံတကာ အတွေ့အကြုံရ အောင်ပါဝင်ယှဉ်ပြိုင်ဖို့လည်း ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အားကစားကို အထူးအားပေးချီးမြှောက်နေတာကြောင့် နိုင်ငံ့ဂုဏ်မြှင့်တင်ဖို့ အားကစားသမားတွေကလည်း စိတ်ဓာတ်တက်ကြွနေပါတယ်” ဟု ၎င်းကဆက်လက်ပြော သည်။

(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ ချုပ်မှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် အဖွဲ့ဝင် စုစုပေါင်း ၁၂၅ ဦး ဝင်ရောက် ယှဉ် ပြိုင်သွားရန် စီစဉ်ထားပြီး ၎င်းတို့နှင့်အတူ တပ်မတော်မှ အရာရှိ/စစ်သည် ၄၆ ဦး တို့သည် မေ ၃၁ ရက်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးသည့် စင်းလုံးငှားလေယာဉ် (Charter Flight)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဇွန် ၁၀ ရက်တွင် ဖနောင်ပင်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 

ဟိန်းမင်းစိုး(သတင်းစဉ်)