နေပြည်တော် မေ  ၂၅

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ တိုင်းဒေသကြီး / ပြည်နယ်များရှိ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်းကျောင်းများမှ “သူနာပြုနှင့် သားဖွား သင်ကြားရေး ဆရာများအတွက် ပညာရေးသိပ္ပံ၊ သူနာပြုခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း” (Training of Trainers (TOT) on Education Sciences, Nursing Leadership and Management for Nursing and Midwifery Faculty Members) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲ တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်း တက်ရောက်မည့် သူနာပြု/ သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်၊ သူနာပြုအရာရှိ၊ နည်းပြများ၊ ဒုနည်းပြများ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း က အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်း၏ရည်ရွယ်ချက်များအနေဖြင့် သူနာပြု/သားဖွား သင်ကြားရေး ဆရာများ၏ ပညာရေးဆိုင်ရာ ရည်မှန်းချက် ဖြစ်သည့် သူနာပြုနှင့်သားဖွား ပညာရေးအရည်အသွေး တိုးမြှင့် လေ့ကျင့်ရန်၊  မျိုးဆက်သစ် သူနာပြု/သားဖွား လောင်းလျာများအပေါ် ထိရောက်သော လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်နိုင်ရန်၊ သင်ကြားရေးဆရာတစ်ယောက် အနေဖြင့် မဖြစ်မနေ တတ်မြောက်ရမည့် သင်ကြားရေးဆိုင်ရာ အတတ်ပညာကို အခြေခံကျကျ တတ်‌မြောက်ရန်၊ မိမိသင်ကြားမည့် သင်တန်းသား/သူများသည် အသိပညာ (Knowledge) ကို အခြေခံပြီး လူနာ၊ လူနာ မိသားစုများနှင့် မိမိ၏ အတတ်ပညာအပေါ် မှန်ကန်သော ခံယူချက်သဘောထားများ ထားတတ်ရန်၊ လက်တွေ့တွင် ကျွမ်းကျင်စွာ ပြုစုတတ်စေသော သူနာပြု/ သားဖွားကောင်းများ ပေါ်ထွက်လာ စေရန်၊ ဆီလျော်သော သင်ကြားရေး နည်းစနစ်များ၊ လိုက်လျော ညီထွေသော သင်ကြားရေး အထောက်အကူပြု အသုံးပြုနည်းများ၊ ချမှတ်ထားသော ရည်မှန်းချက်များနှင့် ကိုက်ညီသော ဆန်းစစ်နည်းများ စသည်တို့ကို မှန်ကန်စွာ လက်တွေ့ အသုံးချတတ်စေရန် တို့ဖြစ်ပြီး သင်တန်းကာလမှာ (၃)ရက်တာပြုလုပ်မည်ဖြစ်သည်။ သင်တန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သူနာပြု/ သားဖွား/ နှီးနွှယ် သင်တန်းကျောင်းများမှ သင်ကြားရေး ဆရာ/ဆရာမ (၂၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်