နေပြည်တော် မေ ၂၆
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက၂၀၂၃ ခုနှစ် မေ (၁၄) ရက်တွင် တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းလမ်းကြောင်းရှိ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မုန်တိုင်း ဒဏ်ကို သိသိသာသာခံစားခဲ့ရပါကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ သာသနိကအဆောက်အဦများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ လမ်းတံတားများ၊ ဈေး များပျက်စီးခဲ့ကြောင်း၊ သဘာဝဘေးမဖြစ်မီ ကြိုတင်မျှော်မှန်းကာ အစီအမံများ ပြင်ဆင်ခဲ့သည့် အတွက် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ အဆိုပါ သဘာဝဘေးသင့် ဒေသများမှ ပြည်သူများ မူလအခြေအနေ ပြန်လည်ရောက်ရှိသည်အထိ မိမိတို့ လုပ်ငန်းကော်မတီမှ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ယခုအချိန်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ မြို့နယ်များကို သိရှိရပြီးဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို မိမိတို့ သက်ဆိုင်ရာကဏ္ဍ အလိုက် အမြန်ဆုံးဆောင်ရွက်ကြရန် အထူးအလေးထားမှာကြားလိုပါကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံး မှုအပေါ်မူတည်၍ နေရာဒေသများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့် သတ်မှတ်ကာ တစ်ဆင့်ချင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများကိုလည်းကောင်း၊ တက်ရောက်လာကြသော ဦးစီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မုန်တိုင်းသင့်ဒေသများတွင် အမှန်တကယ် ဆောင်ရွက်ပေးနေသည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အကြံပြုချက်များကိုလည်းကောင်း ဝိုင်းဝန်း ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအကြံပြုမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများ အမြန်ပြန် လည်ထူထောင်ရေး အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဦးစီးဌာနများ၏ ရုံးနှင့် အိမ်ရာ အဆောက်အဦများ၊ ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရန် အားလုံးတက်ညီလက်ညီဖြင့် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြုပြင်စရိတ်ကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက မိမိတို့သက်ဆိုင်ရာကဏ္ဍ အလိုက် ရုံးနှင့် အိမ်ရာ အဆောက်အဦများ၊ လမ်းတံတားများ၊ ရေရရှိရေးလုပ်ငန်းများ၊ မီးလင်းရေး လုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ ရုံးနှင့်အိမ်ရာအဆောက်အဦများကို ပြုပြင်ရန်အစီအစဉ်များနှင့် ပြန်လည်ပြင်ဆင်တည်ဆောက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်