ရန်ကုန်   ဇွန်   ၅

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသော အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့် ပတ်သက်၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားမျာမှတစ်ဆင့် နေ့စဉ် ထုတ်ပြန်ကြေညာပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ၅၅ ဦးကို စနစ်တကျလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယခု ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ခနစ်ဦးကို မိဘအုပ်ထိန်းသူများထံ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပြီး ယခုဆိုလျှင် အလင်းဝင်ရောက်လာသူ စုစုပေါင်း ၆၂ ဦးအား လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ဆုံးမစကားပြောကြားပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိသားစုဝင်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြန်လည်လွှဲပြောင်း ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ကြပြီး အလင်းဝင်ရောက်လာသူ လူငယ်များ၏ မိသားစုဝင်များကိုယ်စား မိခင်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များနှင့် မိသားစုဝင်များကို တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)