နေပြည်တော် ဇွန် ၉
၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအောင်မြင်မှု မြင့်မားရေးအတွက် နိုင်ငံတော်၏ နေ့ကြီးနေ့ရက်များဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့ စသည့်နေ့များတွင် လူထုအားကစားလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အရည်အချင်းပြည့်ဝသည့် အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း အားကစား လေ့ကျင့်ချိန် (P.T)ချိန်သတ်မှတ်ပြီး ကြိုက်နှစ်သက်ရာ အားကစားနည်းတစ်ခုခုအား လေ့လာလိုက်စားနိုင်ခြင်း၊ စာသင်ကျောင်းများတွင်လည်း အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပပေးပြီး ကျောင်းလက်ရွေးစင်များ ရွေးချယ်ခြင်း၊ အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ တက္ကသိုလ်/ကောလိပ်များတွင် မေဂျာအလိုက် အားကစားပြိုင်ပွဲများကျင်းပပြီး လက်ရွေးစင်ရွေးချယ်ကာ ကျောင်းသားအားကစား ပွဲတော်များမှ တဆင့် တက္ကသိုလ်/ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအထိ ကျင်းပပေးခဲ့သည့်အတွက် မျိုးဆက်သစ်များ ပေါ်ထွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
အလားတူ ဒီဇင်ဘာလူထု အားစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ အားကစား အခြေခံသင်တန်းများကို အင်ပြည့်အားပြည့် ဖွင့်လှစ်နိုင်ရေး၊ Physical Fitness Dance စုပေါင်းလှုပ်ရှားမှုများ ယှဉ်ပြိုင်နိုင်ရေး၊ ဟောပြောပွဲများနှင့် သရုပ်ပြပွဲများ လက်ကမ်းစာဆောင်များ ဖြန့်ဝေနိုင်ရေး၊ အားကစား သိပ္ပံကျောင်းများသို့ အရည်အချင်းမှီသည့် သင်တန်းသား/သင်တန်းသူများ ပေးပို့နိုင်ရေး၊ Youth Camp နှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များသို့ လူငယ်လက်ရွေးစင်များ ရွေးချယ်ပေးပို့နိုင်ရေး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဦးစီးဌာနမှ စောင့်ကြည့်မှတ်တမ်းတင်ထားရှိပြီး မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အားကစားလှုပ်ရှားမှုအများဆုံး ကြိုးပမ်းအကောင်ထည်ဖော်ဆောင်ရွက် နေသည့် ခရိုင်၊ မြို့နယ်များကိုလည်း လေးလတစ်ကြိမ် စိစစ်ဖော်ထုတ်ပြီး အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးစေ လိုကြောင်း၊ မြန်မာအားကစားတိုးတက် မြင့်မားစေရေးအတွက် လမ်းညွှန်ချက်များအတိုင်း တက်ကြွစွာ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များကိုစိစစ်ပြီး ယခုလို ဂုဏ်ပြု ချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ အောင်မြင်မှုရရှိစေရေး၊ ထူးချွန်ထက်မြက် သည့် လူငယ်မျိုးဆက်သစ်များ အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် အားစားလှုပ်ရှား ဆောင်ရွက်မှုများကို တာဝန်သိစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်လာစေရန် လူအား၊ ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာဆုများ ရွေးချယ်ခဲ့ခြင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ် အားကစာသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေးအတွက် လူထုအားကစားကဏ္ဍ အရေးပါပုံများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့ကလည်းကောင်း၊ ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့ကလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် တို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်ပြီး ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆု (မြို့နယ်အဆင့်) အထူးဆုရရှိခဲ့ကြသည့် မြို့နယ်များကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ကလည်းကောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသည့် မြို့နယ်များကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ အားကစား မီဒီယာများအဖွဲ့ချုပ်နှင့် ၂၀၂၂ ခုနှစ် မလေးရှားနိုင်ငံ မလက္ကာမြို့တွင် ကျင်းပခဲ့သည့် အလွတ်တန်းစကိတ် အမြန်စီးပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုစီရရှိခဲ့ကြသည့် အားကစားသမား (၂)ဦး တို့အား ဂုဏ်ပြုဆုဖလား (Trophy)များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိကြသူများ ကိုယ်စားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)