ရန်ကုန် ဇွန် ၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဌာန၏ဝန်ထမ်းများသည် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေ ကြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေရသည့် အားလျော်စွာဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းဆောင်ရည် ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲများ၏ ဝန်ဆောင်မှုပေးနေမှု၊ ရုံးပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရုံးစာကြည့်တိုက် အတွင်း စာအုပ်၊ စာစောင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန၏ အသိပညာမျှဝေဆွေးနွေးခြင်း ဆွေးနွေးပွဲအမှတ်စဉ် (၁၆)သို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ ဦးထွန်းတောက်အောင်၏ “Investor Targeting and Lead Generation” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမှုကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service–OSS)မှ တာဝန်ရှိသူ များကို တွေ့ဆုံပြီး လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနအချင်းချင်း ပူးပေါင်း၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာ ဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအသိုက်အဝန်း၏ ယုံကြည်အားကိုးရသည့် မိတ်ဖက်ဌာနများ ဖြစ်စေရေး တို့ကို ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ One Stop Service – OSS ဌာန လုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)