ခင်သန်းမြင့်
လူတစ်ခု ပူမှုရယ်နဲ့ ဆယ်ကုဋေ ဆိုတဲ့အထဲမှာ အခုနောက်ပိုင်း ကျွန်မတို့လိုအိမ်ရှင်မတွေရဲ့ပူမှုက မနက်မိုးလင်း ဈေးထဲရောက်ကတည်းက အစပြု တယ်လို့ပဲဆိုရမယ်။
အရင်တုန်းကဈေးထဲရောက်ရင် ဘာဝယ်လို့ ဝယ်ရမှန်းမသိတာက တစ်ဒုက္ခ၊ အခုနောက်ပိုင်းတော့ ဈေးထဲရောက်ရင် ဒီနေ့ဘာပစ္စည်းတွေများ ကုန်ဈေးနှုန်းထပ်တက်ဦးမလဲဆိုတဲ့ သောကပါ အဆစ်ပါလာရပြန်တယ်။
ဒီနေ့တော့ လကုန်ရက်မို့ ခြိုးခြံချွေတာတဲ့အနေနဲ့ တော်ရုံသင့်ရုံ ဘဲဥချဉ်ရည်ဟင်းလေးပဲ ချက်မယ်လို့ စိတ်ကူးထားတယ်။ ဈေးထဲရောက်လို့ ပြန်စဉ်းစားကြည့်တော့ ဘဲဥတစ်လုံးက အနည်းဆုံး သုံးရာ၊ မိသားစုညမနက်ဆိုတော့ ၁၀ လုံး။ “ဟင်” ဘဲဥဖိုးချည်းပဲ သုံးထောင်ဖြစ်နေပါလား။ မကိုက်သေးပါဘူး။
ဒါနဲ့သားငါးတန်းဘက်ဆက်ပြီး ခြေဦးလှည့်မိတယ်။ ဟိုမှာ ငါးစင်ရိုင်းလေးတွေပါလား။
“လာ၊ အစ်မ တစ်ဆယ်သား ၁၂၀၀ ဈေး၊ အစိတ်သား သုံးထောင်၊ ငါးမြစ်ချင်းက အကောင်သေးက ၈၀၀၊ အကောင်ကြီးက ၁၀၀၀၊ ငါးမြီးတံသွယ်က ၁၂၀၀”
ငါးသည်က ကျွန်မအဖြေကို မော့ကြည့်ပြီး စောင့်မျှော်နေပေမယ့် စိတ်ထဲက ဒါလည်းမဟုတ် သေးပါဘူးဆိုတဲ့အတွေးနဲ့ ပေပြီးရပ်နေမိတယ်။
ဘေးကပ်လျက် ပင်လယ်ငါးဆိုင်က ဈေးသည်ကလည်း “ရွှေငါးတစ်ဆယ်သား ၈၀၀၊ ၇၀၀ နဲ့ ယူသွားအစ်မ၊ ငါးသေတ္တာငါးလည်း အတူတူပဲ။
ငါးမုတ်ကလည်း ၈၀၀၊ ၇၀၀ နဲ့ပဲယူသွား”၊ အရင်က တစ်ပုံမှ သုံး၊ လေး၊ ငါးရာသာပေးရတဲ့ ပင်လယ်ငါးတွေကလည်း ဈေးခေါင်ခိုက်နေပါလား။
တစ်ခေတ်တစ်ခါက သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်က မြန်မာလူမျိုးတွေ ပင်လယ်ငါး ပိုပြီးစားသုံးကြဖို့ နှိုးဆော်တိုက်တွန်းခဲ့တဲ့ “ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်” ဆိုတဲ့ ကြော်ငြာလေးကို သတိရသွားတယ်။ လက်ရှိမှာတော့ ပင်လယ် ငါးတွေကပဲ ခေတ်မီလာလို့ ရေချိုငါးတွေနည်းတူ ဈေးတွေလိုက်ပြီး တက်လာကြတာလားမသိဘူးလို့ ကြံကြံဖန်ဖန် အတွေးပေါက်မိသေးတယ်။
ဒီနေ့က ရေထရက်ဆိုတော့ ဈေးထဲမှာ ငါး၊ ပုစွန်တွေ လှိုင်လှိုင်ပေါနေတာကို တွေ့ရတယ်။ ရှေးမြန်မာတွေက လဆန်းတစ်ရက်ကနေ ၅ ရက်နေ့အထိကို ရေတက်ရက်၊ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရေကျရက်၊ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရေတက်ရက်၊ လပြည့်နေ့ကတော့ ရေအတက်ဆုံး ခေါင်ရေ။ နောက်ပြီး လဆုတ်တစ်ရက်ကနေ ၅ ရက်နေ့အထိ ကျရက်၊ ၆ ရက်နေ့ကနေ ၁၀ ရက် နေ့အထိတက်ရက်၊ ၁၁ ရက်နေ့ကနေ လကွယ်အထိ ရေကျရက် အဲဒီလို မြန်မာလဆန်း၊ လဆုတ်နဲ့ပဲ တွက်ကြတာပါ။ ငါး၊ ပုစွန်က ရေတက်ရက်မှာပေါပြီး ရေကျရက်မှာ ရှားတယ်။
“ပုစွန်ဘော့ချိတ်ဝယ်ရင်ကောင်းမလား”
ဒန်ဇလားကြီးထဲက ပုစွန်ဘော့ချိတ်တွေဆီ မျက်စိကရောက်သွားတယ်။
“တစ်ဆယ်သား ၁၂၀၀၊ အစိတ်သားသုံးထောင်နဲ့ယူ အစ်မ”
ပုစွန်ဘော့ချိတ်ဈေးကတော့ နည်းနည်းကျ သွားတယ်။
ဟိုတစ်ရက်က သူ့ထက်နည်းနည်းပိုကြီးတာ တစ်ဆယ်သားနှစ်ထောင်။
၁၉၆၉-၁၉၇၀ ကျော်ကာလ ကျွန်မငယ်ငယ်က အမေနဲ့ဈေးအတူသွားခဲ့တာကို ဖျတ်ခနဲသတိရသွားတယ်။ အမေက “ငါတို့ငယ်ငယ်ကဆို ဒီလို ငါးကျည်း၊ ငါးခူမျိုး မစားသေးပေါင်”လို့ ပြောပါတယ်။
ကျွန်မက “ဒါဆို ဘာငါးမျိုးတွေစားသလဲ” ဆိုတော့ “ငါတို့ မြန်မာတွေ အထူးသဖြင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေက ငါးမြင်း၊ ငါးကြင်း၊ ပုစွန်တုပ် လောက်မှကွယ်။ ပုစွန်ကျော့၊ ဘော့ချိတ်ဆိုတာမျိုး လှည့်တောင်မကြည့်ဘူး” လို့ ဆိုပါတယ်။
အဲဒီအချိန်က ပုစွန်ကျော့၊ ဘော့ချိတ် တစ်ပိဿာ ၁၂ ကျပ်၊ ငါးမြင်းရင်းဈေးက တစ်ပိဿာ ၁၈ ကျပ်ဖြစ်နေလို့ အမေက သူတို့ငယ်ငယ်က ခေတ်ထက်စာရင် ဈေးကြီးတယ်ဆိုပြီး မချိတင်ကဲ ပြောခဲ့တာဖြစ်ပါတယ်။ အခုအချိန်ဆို အမေဘာပြော မလဲမသိဘူး။
ပုစွန်စပ်တုပ်အသေးလေးတွေပဲ တစ်ဆယ်သားကို ၂၅၀၀။ ငါးမြင်းရင်းက မပြောပါနဲ့၊ မြစ်ငါးတန် တစ်ဆယ်သားကိုပဲ ၂၀၀၀၊ ငါးကျည်း၊ ငါးခူ၊ ငါးကြင်း(အကောင်ကြီးသား) လည်း ၂၀၀၀ ပဲ။ ကျွန်မကြိုက်တဲ့ ငါးပုဏ္ဏားဆိုလည်း ၂၅၀၀၊ ၃၀၀၀ ဖြစ်နေလို့ မချက်ဖြစ်တာကြာပြီ။
ငါးဖယ်ခြစ်အစစ်နဲ့ ဆိတ်သားကလည်း တစ်ဆယ်သားသုံးထောင်မို့ အနားတောင်မကပ်ရဲ ဘူး။ အခုချိန်မှာ အခြားအိမ်ရှင်မတွေနည်းတူ ဝက်သားနဲ့ မွေးမြူရေးကြက်ပဲ အစားများနေခဲ့တယ်။ ဝက်သားသုံးထပ်သားကလည်း တစ်ဆယ်သား ၂၀၀၀၊ မွေးမြူရေးကြက်က ၁၀၀၀၊ ၁၂၀၀ ဖြစ်နေပေမယ့် ငါးပုစွန်တွေလို အမြီးနုတ်၊ ခေါင်း နုတ်စရာမလိုတော့ တွက်ခြေကိုက်တယ်လို့ပဲ ပြောရမှာပေါ့။
တကယ်တော့ အိမ်ထောင်ဦးစီး ယောကျ်ားခင်ပွန်းတွေက အိမ်ထောင်တစ်ခုလုံး၊ မိသားတစ်စုလုံးရဲ့ စားဝတ်နေရေးအတွက် ဦးစီးစီမံရှာဖွေ လုပ်ဆောင်ကြရတဲ့နည်းတူ ကျွန်မတို့ အိမ်ရှင်မတွေကလည်း ဝင်ငွေနဲ့ထွက်ငွေ မျှတအောင် အခုလိုပဲ စဉ်းစားတွက်ချက်ပြီး ဝယ်ရခြမ်းရ စီမံချက်ပြုတ် ကြရတာပါပဲ။
မိသားစုလျှာရင်းမြက်စေဖို့၊ ဟင်းတစ်ခွက် ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တော့တာ။ အခု နောက်ပိုင်း ဟင်းတစ်ခွက်ဖြစ်ဖို့ အနည်းဆုံး သုံး၊ လေး၊ ငါးထောင်ရှိမှ။ သားငါးမတတ်နိုင်လို့ ဟင်းသီး ဟင်းရွက်ပဲ စားဦးမလား။ ကန်စွန်းရွက်တစ်စည်းလေး၊ ငါးရာ။ ခရမ်းသီးအရှည်တစ်လုံး ငါးရာ၊ ပုံလုံ သီးတစ်ထောင့် ခြောက်ရာ၊ ခုနစ်ရာ။ ငရုတ်သီးစိမ်း၊ နံနံပင်ဆို အရင်က ငါးဆယ်ဖိုး၊ တစ်ရာဖိုးရတယ်။ တစ်ခါတလေ အဆစ်တောင်ထည့်ပေးသေးတယ်။ အခု ၂၀၀ ဖိုးတောင် မရောင်းချင်တော့ဘူး။ လတ်တ လောမှာ ချင်းတွေလည်း ဈေးကောင်းလာတယ်။ လက်တစ်ဆစ်ကိုပဲ လေး၊ ငါးရာ ပေးဝယ်နေရပြီ။
မြန်မာလူမျိုးတွေ အဓိက စားသုံးနေတဲ့ ဆန်ဆိုရင်လည်း မကြုံစဖူး ဆန်ကြမ်းတစ်ပြည် သုံးထောင်၊ ဆန်ချောပေါ်ဆန်းဆို ၃၅၀၀၊ ၄၀၀၀။ ရွှေဘိုပေါ်ဆန်းဆို ၄၅၀၀၊ ၅၅၀၀ တဲ့။
ဆန်ဈေးနှုန်း ကြီးမြင့်လာတာနဲ့ပတ်သက်ပြီး တစ်နေ့က သတင်းစာထဲမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနဲ့ အင်တာဗျူးတာ ဖတ်လိုက်ရတယ်။ အသင်းချုပ်ဥက္ကဋ္ဌက “ ဆန်ဈေးနှုန်းမြင့်တက် နေတဲ့အပေါ်မှာ အကြောင်းအရာက သုံးခုလောက်ရှိတယ်။ အဓိကလှောင်လက်တွေ များတယ်။ ဈေးကိုတက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတာဖြစ်တယ်။ ဒီဟာတွေကို ကျွန်တော်တို့က စိစစ်ဖော်ထုတ်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။ လူမှုကွန်ရက် တွေကနေပြီးတော့ မှန်တဲ့သတင်းတွေ တင်ပြတာ ရှိသလို လွဲမှားနေတဲ့ သတင်းတွေ သူတို့ရဲ့ရည်ရွယ်ချက်ကို အားပေးနေတဲ့ သတင်းမျိုးတွေကို တားဆီးဖို့ ရှိပါတယ်။
ဈေးကွက်ထဲမှာ ပြည်သူကို သတင်းမှားတွေ ပေးနေတာရှိတယ်။ စိုးရိမ်ပူပန်မှုတွေဖြစ်အောင် ဖန်တီးတယ်။ လူမှုကွန်ရက်ကနေ ဆန်ဈေးနဲ့ ပတ်သက်ပြီး သတင်းမဟုတ်တာတွေ လှုံ့ဆော်နေတာတွေ့ရတယ်။ တချို့ဆို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာတွေ့ရတယ်။ ဆန်အဝင်မရှိပါဘူး ဆိုတာတွေ၊ ဆန်အဝင်မရှိပါဘူးဆိုတော့ ပြည်သူလူထုက စိုးရိမ်တာပေါ့။ ဆန်ပြတ်လပ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီးဖြစ်ကြတာ၊ အမှန်က မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ စပါးက လုံလုံလောက်လောက်ရှိပါတယ်။
စားသုံးသူပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဆန်ကို လိုသလောက်ပဲဝယ်ပါ။ ဆန်ဈေး တည်ငြိမ်အောင် ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေပါတယ်။ ဆန်ကိုသိုလှောင်ပြီး ဈေးကစားတာတို့၊ ဈေးနှုန်းကြီးမြင့်အောင် လုပ်တာတို့ကို ဖော်ထုတ်ပြီး ပညာပေးတာတွေ၊ အရေးယူတာတွေ လုပ်ဖို့စီစဉ်နေပါပြီ။
အခုဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆန်သိုလှောင်တဲ့သူတွေ မှတ်ပုံတင်မယ့်စနစ်လုပ် ဖို့ရှိပါတယ်။ လှောင်လက်တွေဆိုတဲ့နေရာမှာ ပုံမှန်သမားရိုးကျလှောင်တဲ့သူတွေရှိသလို အခြားရွှေတို့၊ ဒေါ်လာတို့ ဈေးကစားလို့မရအောင် နိုင်ငံတော် အစိုးရကနေပြီးတော့ ကိုင်တွယ်ထားတဲ့အခါမှာ ဆန်တို့၊ ပဲတို့မှာ လာပြီးတော့ရင်းနှီးမြှုပ်နှံတယ်။ လာပြီး ရင်းနှီးမြှုပ်နှံတာကို ကျွန်တော်တို့က ကြိုဆို ပါတယ်။ ဈေးကွက်ကမောက်ကမဖြစ်အောင် လာပြီးလုပ်တဲ့ အနေအထားမျိုးဆို ပြည်သူတွေရော အားလုံးထိခိုက်မှာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေ မလုပ်ဖို့ပေါ့။ အခုတော့ ကျွန်တော်တို့က သိုလှောင်ရုံ မှတ်ပုံတင်စနစ်ကို စတော့မှာဖြစ်ပါတယ်” ဆိုပြီး ပြောတာ ဖတ်လိုက်ရတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ကုန်ဈေးနှုန်းတက်တာမဆန်းပေမယ့် အခု နောက်ပိုင်းမှာ တော်တော်ဆိုးရွားလာတယ်။ ကုန်ပစ္စည်းတစ်မည်တည်း၊ တစ်ခုတည်းမကဘူး၊ အားလုံး ညှိထားသလားလို့ အောက်မေ့ရလောက်အောင် အထွေထွေကိုတက်လာတာ။ ဆန်၊ ဆီ၊ ဆား၊ သား၊ ငါး အမည်မည်အကုန်လုံးလိုလိုပါပဲ။
ဆန်ရေစပါး ပေါများတဲ့နိုင်ငံမှာ ဆန်ဈေးနှုန်းကြီးတာ၊ မြစ်ချောင်းအင်းအိုင်ပေါများတဲ့နိုင်ငံမှာ သားငါးဈေးကြီးတာ၊ ရေသယံဇာတ၊ မြေသယံဇာတ ပေါကြွယ်ဝပြီး ရာသီဥတုမျှတတဲ့ နိုင်ငံမှာသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ဈေးကြီးတာ တကယ့်ကို မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ဆိုရပါမယ်။
လက်ရှိအခြေအနေအရလည်း ပုံမှန်ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေက ပုံမှန် အနေအထားပါပဲ။ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုမရှိဘဲ ပုံမှန်ထွက်ရှိ၊ ဖြန့်ဖြူးရောက်ရှိ နေတဲ့ကြားက ရန်ကုန်အပါအဝင်ဒေသအချို့မှာ ကုန်ဈေးနှုန်းတွေဘာကြောင့် အဆမတန်ဈေးကြီး နေရတာလဲ။ ကျွန်မတို့လောဘတွေ အလွန်ကြီး လာကြပြီလား။ လိုတာထက် ပိုအားကြီးလာတဲ့ လောဘဆိုရင်တော့ ဝိသမလောဘပါပဲ။
ဝိသမလောဘက ကူးစက်မြန်ပါတယ်။ သူများဆိုင်က လက်ရာအကောင်းစား၊ ကုန်ပစ္စည်း အကောင်းစားနဲ့ တူတူတန်တန် မုန့်ဟင်းခါးတစ်ပွဲ ကို တစ်ထောင်နဲ့ရောင်းရင် ဘေးကသာမန် မုန့်ဟင်းခါးဆိုင်ကလည်း တစ်ထောင်တက်ရောင်း ဖို့ဝန်မလေးပါဘူး။ ဒီလိုပါပဲ ဝိသမလောဘသား ကုန်သည်ပွဲစားဆိုတာကလည်း မြန်မာနိုင်ငံမှာ နာဂစ်လို၊ အခုမိုခါလို သဘာဝဘေးတွေကြုံတွေ့ လာရင် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလို ကျဈေးနဲ့ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေကို ဈေးကစားပြီး အဆမတန်ဈေးတင်တော့တာပါပဲ။
တကယ်တော့ ကျွန်မတို့ဟာအလှူအတန်း ရက်ရောတဲ့မြန်မာလူမျိုးတွေပါ။ ရှေးလူကြီးတွေကလည်း တကူးတကမလှူနိုင်ရင် “မလှူတတ်ရင် ဈေးရောင်း”လို့ဆိုခဲ့ကြပါတယ်။
ဒါကြောင့် ကုန်ဈေးနှုန်းကြီးမြင့်အောင် ဈေးကစားနေတဲ့ ကုန်သည်ပွဲစားတွေအနေနဲ့လည်း အများပြည်သူကို စာနာငဲ့ညှာတဲ့အနေနဲ့ ကိုယ့်ရဲ့ ဝိသမလောဘကို ချိုးနှိမ်ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ သမ္မာအာဇီဝကျကျ ရောင်းဝယ်ဖောက်ကားပေးကြ ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အသင်းအဖွဲ့ တွေအနေနဲ့လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြပါလို့ တင်ပြလိုက်ရပါတယ်။ ။