လားရှိုး ဇွန် ၁၆
ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက လားရှိုးမြို့ အထွေထွေရောဂါကု ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ရာ လားရှိုး မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ စေတနာရှင်သွေးအလှူရှင် ၃၅ ဦးနှင့် ပြင်ပမှသွေးအလှူရှင် ၂၅ ဦး စုစုပေါင်း သွေးလှူရှင် ၆၀ တို့က သွေးလိုအပ်နေသူများအတွက် စုပေါင်းသွေးလှူဒါန်းကြသည်။
ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းတွင် MPT မှလည်း တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး သွေးသည်လူတစ်ယောက်မှ အခြားလူ တစ်ယောက်သို့ ပေးအပ်နိုင်သည့် အမွန်မြတ်ဆုံးလက်ဆောင် အသက် ကယ်ပေးခြင်းဖြစ်သောကြောင့် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းတွင် ဝင်ရောက်သွေးလှူဒါန်းခဲ့ကြသည့် စေတနာရှင်သွေး အလှူရှင် များအား MPT မှ ထုတ်ဝေသော တီရှပ်အင်္ကျီနှင့် အမှတ်တရပစ္စည်းများ၊ အာဟာရ ဖြည့်စွက်စာများဖြစ်သည့် ကြက်ဥနှင့်မုန့်များ မေတ္တာလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)