ပွင့်ဖြူ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးသီတွင် တိုင်းဒေသကြီးရှိ ဒေသခံတောင်သူများကို စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် စပါးမျိုးကွဲ လေးမျိုးဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ရတနာတိုး စပါးမျိုးများကို မျိုးစေ့ထုတ်စိုက်ဧက ၁၂၀ ဧက အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။
“စပါးမျိုးကွဲ လေးမျိုး စိုက်ပျိုးမှုအနေနဲ့ မနောသု တစ်ဧက၊ ဆင်းသုခ ၂ ဒသမ ၅၀ ဧက၊ ဧရာမင်း တစ်ဧက၊ ရတနာတိုး သုည ဒသမ ၅၀ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး မျိုးသန့်မျိုးပွားအနေနဲ့ မနောသုခ ဧက ၂၀၊ ဆင်းသုခ ၇၆ ဧက၊ ဧရာမင်း ၁၂ ဧက၊ ရတနာတိုး ၇ ဧက စိုက်ပျိုးသွားမှာဖြစ်ပါတယ်၊ ဆင့်ပွားစပါးမျိုးနဲ့ မျိုးသန့်မျိုးပွားစပါးမျိုး စိုက်ပျိုးနိုင်ရေး ပျိုးထောင်ခြင်းနဲ့ ပျိုးပန်းများပြင်ဆင်ခြင်း၊ လယ်ယာမြေများ ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဆီမြေလွှာကောင်းမွန်စေရန် မြေဩဇာကျွေးခြင်း စတဲ့ ကြိုတင်ပြင်ဆင်ရတဲ့လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စပါးမျိုးကွဲ လေးမျိုး မျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို ဇူလိုင်လ ဒုတိယပတ်လောက်မှာ စတင်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ်က ပြောပြသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)