နောင်မွန်း ဇွန် ၂၀
ကချင်ပြည်နယ် နောင်မွန်းမြို့နယ်၌ ရက်သတ္တပတ် (၂)ပတ်ခန့် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို - မချမ်းဘော့ - နောင်မွန်း ကားလမ်းပေါ်တွင် တောင်ကမ်းပါးယံပြိုကျမှုနှင့် တံတားချဉ်းကပ်လမ်းမြေသား ရေတိုက်စားပြိုကျမှုများရှိခဲ့ကာ ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်မှစတင်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နောင်မွန်းမြို့နယ် ကွမ်လင်းကျေးရွာနှင့် ကဆန်ဒမ်းကျေးရွာကြား မိုင်တိုင် ၈၁ နှင့် ၈၂ ကြားတွင် အရှည်ပေ(၂၀၀) အမြင့်ပေ(၁၅၀)ခန့် ကားလမ်းပေါ် တောင်ကမ်းပါးယံပြိုကျမှုနှင့် ဘဘော့ကျေးရွာအတွင်း မိုင်တိုင် ၆၂ အနီး ၅ ပေ Box culvert တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုဆိုးရွား၍ မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ လူနှင့် စက်ယန္တရားသွားလာမှု အန္တရာယ်အခက်အခဲများကြောင့် ယာဉ်နှင့် အများပြည်သူ လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ရန် အချိန် (၂)ရက်ခန့် ရှင်းလင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)