မြေပုံ ဇွန် ၂၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြေပုံမြို့နယ်အတွင်းရှိ လတ်တလော သောက်သုံးရေ အခက်ခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာ ၉ ရွာအား သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ရည်ရွယ်၍ ဇွန် ၁၉ ရက်တွင် တာဝန်ရှိသူများ အဆိုပါ ကျေးရွာများအရောက် ရေဖြန့်ဝေပေးနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မြေပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်လှမြင့်၊ တာဝန်ခံအင်ဂျင်နီယာများက ပြိုင်းတောချေ၊ အောင်ပင်လယ်၊ နတ်ချောင်း၊ ခေါင်းဖြူ၊ ကံသာ၊ ပဲကောက်၊ အငူရွာသစ်၊ အငူရွာဟောင်း၊ အုန်းတောကျေးရွာ ကျေးရွာရပ်မိရပ်ဖ၊ တာဝန်ရှိသူများနှင့်အတူ နေရောင်ခြည်စွမ်းအင်သုံး ရေသန့်စင်စက်ဖြင့် သန့်ရှင်းသောက်သုံးရေ ဖြန့်ဝေပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

မြေပုံမြို့နယ်အတွင်းရှိ လတ်တလော သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာ ၉ ရွာအား ဇွန် ၁၈ ရက်မှစ၍ ရေဖြန့်ဝေပေးခြင်းအား ဆောင်ရွက်လျက်ရှိပြီး ရေဂါလန် ၅၅၀၅ ဂါလန်အား အိမ်ထောင်စု ၁၁၀၅ စုနှင့် လူဦးရေ ၂၄၅၇ ဦးထံသို့ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

ကိုသန်း