နေပြည်တော် ဇွန် ၂၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စကားဝိုင်းသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

စကားဝိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက လူငယ်များအနေဖြင့် အဂတိတရား(၄)ပါးနှင့် သက်ဆိုင်သည့် ကျင့်ဝတ်လိုက်နာရန် အရေးကြီးသကဲ့သို့ ဖြောင့်မတ်တည် ကြည်မှုရှိရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု၏ကျင့်ဝတ်ဆိုင်ရာ အခြေခံသဘောတရားများဖြစ် သည့် အားလုံးပူးပေါင်းပါဝင်မှု၊ ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်နိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် မျှတမှုတို့ကို နားလည်ကြရန်လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး သင်ခန်းစာများကို Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများတည်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ (မူလတန်းနှင့် အလယ်တန်း) အဆင့် ကျောင်းသား ကျောင်းသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို ဆွေးနွေးပို့ချလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးသင်ခန်းစာများကို စိတ်ဝင်တစားကြိုးစားသင်ယူပြီး ရရှိလာသည့်အသိ ပညာဗဟုသုတများကို မိမိ မိတ်ဆွေအပေါင်းအသင်းများကို မျှဝေပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် KeynoteSpeaker အဖြစ်ဆောင်ရွက်သည့် ကော်မရှင်အဖွဲ့ဝင် ဦးမောင် မောင်တင့်က ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်