အမေရိကန်နိုင်ငံအနေနဲ့  မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းမှာ ထည့်မယ်လို့ ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေမှုသတင်း များနဲ့ပတ်သက်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားထားပါတယ်။

ထိုင်း TVS သတင်းက ဒီနေ့ထွက်လာတဲ့ သတင်းပေါ့လေ။ အမေရိကန်အနေနဲ့ကတော့ အခုအချိန်အထိ တရားဝင်ထုတ်ပြန်တာတော့ မတွေ့သေးပါဘူး။ ပထမအချက်ပြောလိုတာကတော့ အမေရိကန်နိုင်ငံအနေနဲ့  မြန်မာနိုင်ငံအပေါ်မှာ တစ်ဖက်သတ် စီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက် လျက်ရှိတယ်။ ဒီနေ့သတင်းထွက်ပေါ်လာတာပေါ့။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ရယ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တွေကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှု တွေကို အရေးတင်သွင်းမယ်ဆိုပြီး ထွက်ပေါ်လာတာ ပေါ့။ ဒါနဲ့ပတ်သက်ပြီး နံပါတ်တစ်အချက် ပြောလိုတာကတော့ အရင်တုန်းကလည်း အဲလိုမျိုး အရေးယူ ပိတ်ဆို့မှုတွေ ကြုံခဲ့ရပါတယ်။  မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်က  နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို ယခင်တုန်းကလည်း စနစ်တကျဆောင်ရွက်ပေးခဲ့တယ်။ နိုင်ငံပိုင်ဘဏ် တွေအနေနဲ့လည်း ဘဏ်လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက် ရှိတယ်။ ဒီဘဏ်တွေအနေနဲ့ကတော့ အမေရိကန် အခြေစိုက်တဲ့ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေ စာရင်းဖွင့်ဆောင်ရွက်နေတာမရှိဘူး။ မရှိတဲ့အတွက် ကြောင့်  နံပါတ်တစ် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘူး။ နိုင်ငံခြားငွေနဲ့ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင် မှုတွေကို စနစ်တကျဆက်လက်ဆောင်ရွက်သွား ပါမယ်။ နံပါတ်နှစ်အချက်ကတော့ မိဘပြည်သူတွေကို အသိပေးလိုတာကတော့  အဲဒီထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတော့ ဘဏ်နဲ့ဆက်သွယ် ဆောင်ရွက်နေတဲ့မိဘပြည်သူများ စိုးရိမ်ကြောင့်ကြ ပူပန်မှုမရှိဖို့ ကျွန်တော့်အနေနဲ့အသိပေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဘဏ်တစ်ဘဏ်တည်းကပဲ ဆောင်ရွက်နေတာမဟုတ်ဘူး။ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေ၊ နိုင်ငံခြားဘဏ်တွေနဲ့ ဘဏ်ခွဲတွေကနေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်တစ်ခု ကတော့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီတို့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းတာ၊ ပေးပို့တာ လက်ခံတဲ့ကိစ္စတွေ၊ ပို့ကုန် သွင်းကုန်ကိစ္စတွေ၊ အလုပ်သမား၊ သင်္ဘောသား လုပ်ခလစာ လွှဲပို့ခြင်းကိစ္စရပ်များကို အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ ပူပန် စရာမလိုဘူးလို့ပဲပြောလိုပါတယ်။ လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လက်ဆောင်ရွက် သွားပါမယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်တဲ့နိုင်ငံခြားရေးမူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁ မှာပါတဲ့ အတိုင်း လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက်ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးတို့ကို ကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ကလည်း နိုင်ငံတိုင်းနဲ့ မိတ်ဖက်ချစ်ကြည်ရေးကိုသာ ဦးတည်ဆောင်ရွက် သွားမယ်ဆိုတာကို  မကြာခဏပြောကြားပြီးဖြစ်တယ်။ သူတို့ဘာကြောင့်ဆိုလဲ လေ့လာကြည့်တဲ့ အခါမှာ သူတို့ရဲ့စွပ်စွဲချက်ပေါ့ဗျာ ကျွန်တော်တို့ နိုင်ငံကို  နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်ဖို့ ဒီအတွက်ရည်ရွယ်ပြီးလုပ်တယ်လို့ ပြောတာဖြစ် ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ခုနပြောတဲ့ နိုင်ငံခြားမူဝါဒအပေါ်မှာ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေး ရည်မှန်းချက်အနေနဲ့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အမြဲတမ်းပြောကြားခဲ့တယ်။ စစ်မှန်ပြည့်ဝတဲ့ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားတယ်။ နောက်တစ်ချက် ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို  ခိုင်ခိုင်မာမာအာမခံထားတယ်။ ဒီဟာကိုပဲ ကျွန်တော်တို့သွားမယ်လို့ ပြောပြီးသားဖြစ်တယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ကျွန်တော်တို့ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရအကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်။  ကျွန်တော် မေးခွန်းထုတ်ချင်တာကတော့ သူတို့အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမို ကရေစီစနစ်၊ ပြီးရင် ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုသွားမယ်လို့ အတိအလင်း  ပြောထားတာမဟုတ်ဘူး။ ဒီဟာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာပဲဖြစ်တယ်လို့  ကျွန်တော်တို့ အနေနဲ့ထင်တယ်။ ဒီလိုမျိုးလုပ်နိုင်ခြင်းဟာ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေလိုလားနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်စေနိုင်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။