မြေပုံ ဇွန် ၂၄

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မိုခါမုန်တိုင်းကြောင့် ယိုယွင်းပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းကို ဇွန် ၂၄ ရက် နံနက်ပိုင်းက ရွာသစ်ကေရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတိုက်၌ ပြုလုပ်သည်။

 

အခမ်းအနားသို့ မြို့နယ်သံဃာ့နာယက ဆရာတော်များ၊ မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ယင်းနောက် မြို့နယ်သံဃနာယက  ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္ဒဣန္ဒာစာရထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ် ချီးမြှင့်တော်မူ သည်။

 

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းသော ဝတ္ထုငွေကျပ် သိန်း ၁၀၀ အား မြို့နယ်သာသနာရေးဦးစီးမှူး ဦးထက်အာကာနိုင်ထံ ပေးအပ်လှူဒါန်းပြီး ဆရာတော်ကြီးများအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။ ဆက်လက်၍ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

တင်ဝင်း(ပြန်/ဆက်)