နေပြည်တော် ဇူလိုင် ၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် သည် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်ရှိ ပြည်ပထွက်ခွာကောင်တာ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများက ခရီးသည်များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူဝင်မှုစစ်ဆေးရေးကောင်တာများ၌ စက်များတပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လေဆိပ်တာဝန်ခံ ဦးခင်မောင်ကြည် က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပဆိုက်ရောက်ကောင်တာများ၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ Server ခန်းနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival- VOA) ခန်း အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ခရီးသည်များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာဝန် ဆောင်မှုပေးနိုင်ရေး၊ လုံခြုံရေးသတိ အမြဲရှိစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် လေဆိပ်ရှိ ဆက်စပ်ဌာနများနှင့် အမြဲမပြတ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပသည့် ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၏  တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဝင်၊ ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ခရိုင်နှင့် မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့်  တက်ရောက်ကြသည်။

ရှေးဦး ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အနေဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူရာတွင် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၂၆၀၀၀၀) ကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့်ကောက်ယူမှု (၇၀၀၀၀) ကျော်စုစုပေါင်းအိမ်ထောင်စု (၃၃၀၀၀၀)ကျော် ကောက်ယူပြီးစီးခဲ့ရာ လျာထားချက်၏ (၇၉ ဒဿမ ၂၁) ရာခိုင်နှုန်း ကောက်ယူပြီးစီး ခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေအရ ကောက်ယူဆောင် ရွက်ရန်အိမ်ထောင်စု (၆၈၀၀၀) ကျော်ကျန်ရှိနေသည့်အတွက် ယင်းဒေသများကိုလည်း သတ်မှတ်ကာ လအတွင်း ကောက်ယူ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ရရှိသည့်အချက် အလက်များကို e-ID Server သို့ထည့်သွင်းကာ အချက်အလက်ကွဲလွဲမှုများ ပြင်ဆင်ဖြည့်စွက်အတည် ပြုသည့် လုပ်ငန်းကိုလည်း တစ်ပြိုင်တည်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊  ကောက်ယူ ရရှိသည့်စာရင်းများအရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေး သူများပါရှိနေသည့်အတွက် ယင်းတို့ကို (၅)ဦးကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီ ပြီးစီးရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

ယင်းလုပ်ငန်းစဉ်များအားလုံး သတ်မှတ်ကာလအတွင်းပြီးစီးမှသာ တိကျမှန်ကန်သော လူဦးရေစာရင်းကိုအခြေခံ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်မည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်မည်ဖြစ် ပါကြောင်း၊ သို့မှသာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင် ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စမ်းသပ်သန်းခေါင်စာရင်းကို ယခုနှစ် အောက်တိုဘာ (၁)ရက်တွင် ကောက်ယူရန်ရှိပါကြောင်းနှင့် e-ID စနစ်လုပ် ငန်းအကောင် အထည်ဖော်ရေးအတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံး အောင်မြင်ရေး အတွက် ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ကချင် ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့မှုနှင့် e-ID Server အတွင်း အချက်အ လက်များ ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်အဆင့်(၂) လျာထားချက်ပြည့်မီရေး ဆောင်ရွက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
 
သတင်းစဉ်