နေပြည်တော် ဇူလိုင် ၄

ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀  နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား / သူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းတက်ရောက်ခဲ့သူများ အနေဖြင့် သင်ကြားပေးလိုက်သော ပညာရပ်များကို မိမိတို့လုပ်ငန်းခွင်ရှိ နည်းပညာ အခြေပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားရန်လိုကြောင်း၊ ထို့ပြင် နည်းပညာအခြေပြု ရုံးလုပ်ငန်း တာဝန်များဆောင်ရွက်ရာတွင် တိကျလျင်မြန်မှုနှင့် သတင်းအချက်အလက် လုံခြုံမှုရှိရန် အလေးထား ဆောင်ရွက်သွားကြရန်နှင့် ထိရောက် မြန်ဆန်သော ပြည်သူ့ဝန်ဆောင်မှုများပေးရန်အတွက် အဖွဲ့၏ e - Government အကောင် အထည် ဖော်ရေးလုပ်ငန်းများတွင် ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် သင်တန်းသား / သူများ၏  လက် တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေး၍ သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးအပ် သည်။
အဆိုပါသင်တန်းတွင် ICT လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ ERICSS စီမံကိန်းဆိုင်ရာ အကြောင်းများ၊ Window Installation ၊ Microsoft Office Word၊ Microsoft Office Excel၊ Microsoft Office Power Point၊ Network Security နှင့် Adobe Photoshop CS3 စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ICT  နည်းပညာကို ပိုမိုသိရှိနားလည်ပြီး အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားနိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်