ညောင်ဦး ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အေဒီ ၁၂ ရာစုခန့်က တည်ထားသည့် မီးငြိမ်းကုန်းဂူဘုရားရှိ ပန်းပွင့်ပုံစံ နံရံဆေးရေးပန်းချီများနှင့် မင်စာများကို လေ့လာနိုင်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မီးငြိမ်းကုန်းဂူဘုရားသည် ပုဂံမြို့ဟောင်း၏ တောင်ဘက်တွင်တည်ရှိပြီး အေဒီ ၁၂ ရာစုခန့်က တည်ထားခဲ့သည်။ ဘုရား၏အောက်ခြေ ပန္နက်အုတ်ခုံသည် စတုရန်းပုံတည်ဆောက်ထားပြီး ထိပ်ပိုင်း၌ စေတီပေါက်တည်ထားကာ ပင်မခန်းမဆောင် အတွင်းဘက်တွင် ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ရှိသည်။ လိုဏ်ဂူကွေ့ပတ်လမ်းနှင့် ဝင်ပေါက်များလည်းပါရှိကာ ဂူဘုရား၏ နံရံများပတ်လည်နှင့် မျက်နှာကျက်များကို ပန်းပွင့်ပုံစံ နံရံဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ လိုဏ်ဂူအတွင်း ဖြတ်ကူးလမ်းအမိုးပေါ်တွင် အေဒီ ၁၂ ရာစုခန့်က မင်စာများရေးဆွဲထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။
မီးငြိမ်းကုန်းဂူဘုရား၏ မြောက်ဘက်တွင် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် အောင်မြေကုန်းနန်းတော်ရာ၊ နားတောင်းမင်းကြီး တည်ထားသည့် မဟာဗောဓိဘုရား၊ ပျူစောထီးမင်း တည်ထားသည့် ဗူးဘုရား၊ အလောင်းစည်သူမင်းကြီး ကောင်းမှုတော် ကန်တော့ပလ္လင်ဘုရား၊ အနောက်မြောက်ဘက်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် တောင်ဘက်တွင် စောလူးမင်းတည်ထားသည့် မြင်းပြဂူဘုရား၊ နွားပြဂူဘုရား၊ နရပတိစည်သူမင်းကြီးကောင်းမှုတော် မင်္ဂလာစေတီနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံ ၃၈၂၂ ဆူကိုလည်း မတူညီသော တည်ထားမှုပုံစံအမျိုးမျိုးဖြင့် ဘုရားများ ဖူးမြှော်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း