နေပြည်တော် ဇူလိုင် ၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာဇူလိုင် ၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတောင်ကြီး မြို့နယ်၊ ပျားစခန်းကျေးရွာ အရှေ့ဘက်၊ သံတောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂)၌ တရားမဝင် ကျွန်းသစ်(၅ ဒသမ ၄၆၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၈၀၄,၄၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၃ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်၊ နန်ဗျူတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Toyota Surf မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဇူလိုင် ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပိတောက်ခွဲသား (၀ ဒသမ ၁၀၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၉၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်း‌ကောင်း၊ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ကျွန်းခွဲသားဆိုဒ်စုံ (၀ ဒသမ ၄၆၅)တန် အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် CWD Dump Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၅/၃)၌ မော်တော်ယာဉ် (၃)စီးပေါ်မှ ကျွန်းပရိဘောဂ အကြမ်းထည်များ တွေ့ရှိရသဖြင့် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဂဏန်း ဆက်တီ အကြမ်းထည် (၁)စုံ အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၃၃၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Ad Van Station Wagon (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ၆ ပေ ဗီရို (၄)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ad Van Station Wagon (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကျောမှီတစ်ယောက် ထိုင်ခုံ(၆)လုံး အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၉၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ad Van Station Wagon (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၂,၄၅၃,၄၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့နယ်အကောက်ခွန်ဦးစီးဌာနမှုး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီး အပ်နှံလာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အိန္ဒိယနိုင်ငံထုတ် သကြားအိတ် (၉၀)အိတ် အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၇,၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်
လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က မူဆယ်မြို့၊  သိန်းသန်းချီ ကားကွင်းနှင့် မြို့ရှောင်လမ်း၊ ကားလေးကွင်းအနီး၌ စုပုံထားသော တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား တွေ့ရှိရသဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ‌ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် Infant Light (၁)စုံ အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၆၄,၂၅၀) နှင့် Toilet (၂)စုံ အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၇၇,၈၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၉၄၂,၀၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇူလိုင် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Fire Hose Reel (၁၀၀)ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၁၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆,၆၄၉,၉၇၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်