နေပြည်တော်   ဇူလိုင်    ၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစုဝင်သားသမီးများနှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့်   ဝန်ထမ်းမိသားစုဝင် သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ  ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က ယနေ့အခမ်းအနားတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုဝင် သားသမီးများ၊ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ရာနှုန်းပြည့် အောင်ချက် အကောင်းဆုံးဆုရသည့် ကျောင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့်  တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းသား ကျောင်းသူများကို လည်း ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ “ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း”သည် မင်္ဂလာ တစ်ပါးဖြစ်ကြောင်း  ဆက်လက်၍လည်း   ထူးချွန်ထက်မြက်သည့်လူငယ်များ၊  နိုင်ငံ့တာဝန်များကို    ပခုံးပြောင်း ထမ်းဆောင်နိုင်သည့် စွမ်းရည်ရှိသော မျိုးဆက်သစ်လူငယ်မောင်မယ်များ ဖြစ်လာအောင်     ကြိုးစားအားထုတ် သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦး(အပေါ်ပုံ)နှင့် ရာနှုန်းပြည့်အောင်ချက် အကောင်းဆုံးရရှိသည့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပလက်ဝနှင့် ပူတာအို)တို့မှ ကျောင်းအုပ်ကြီး များကိုလည်းကောင်း၊  ၂၀၂၃-၂၀၂၄   ပညာသင်နှစ်    ပညာသင်ထောက်ပံ့ ကြေးများ၊ ကျောင်းဝတ်စုံနှင့်   ဗလာစာအုပ် များကို သက်ဆိုင်ရာကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက အောင်ချက်အကောင်းဆုံး တတိယဆုရသင်တန်း ကျောင်း၊ အထူးဆုရသင်တန်းကျောင်း နှစ်ကျောင်း၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် လူရည်ချွန်ဆုရ ကျောင်းသား တစ်ဦးတို့ကိုလည်းကောင်း၊   ဒုတိယဝန်ကြီး၏ဇနီးက လူရည်ချွန်ဆုရ ကျောင်းသူနှစ်ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင် သုံးဦးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး   ဗိုလ်ချုပ် ဖြိုးသန့်က  သုံးဘာသာ ဂုဏ်ထူးရှင် လေးဦးတို့ကိုလည်းကောင်း၊  ဒုတိယ ဝန်ကြီး၏ဇနီးက သုံးဘာသာဂုဏ်ထူးရှင် သုံးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့်  ဇနီးတို့က    နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပလက်ဝ)မှ မပြည်ဝဲက ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရကျောင်းသား ကျောင်းသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ကျောင်းအုပ်ကြီးများ၊ မိဘများနှင့် ဆုရကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီး ၂၀၇ ဦး၊   အခြေခံပညာကျောင်းများ၌ တက်ရောက်လျက်ရှိသည့် ဝန်ထမ်း သားသမီး ၁၄၁၁ ဦး စုစုပေါင်း ၁၆၁၈ ဦးအတွက် အတန်းလိုက်ပညာ သင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာ စာအုပ်များကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ငါးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူး ရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး စုစုပေါင်း  ၉၄  ဦးတို့ကို  ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ ရာနှုန်းပြည့်အောင်မြင်၍ အောင်ချက်အကောင်းဆုံးဆုရကျောင်း သုံးကျောင်းနှင့် အောင်ချက်ရာနှုန်းပြည့် အထူးဆုရ ကျောင်းလေးကျောင်းတို့ကိုလည်းကောင်း ဂုဏ်ပြု ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်