နေပြည်တော်   ဇူလိုင်   ၇

 

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)က ကျင်းပသည့် (၁၃)ကြိမ်မြောက် သက်ကြီးပူဇော် ကန်တော့ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပသည်။

 

အဆိုပါ   ကန်တော့ပွဲအခမ်းအနားသို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊  ဒုတိယဝန်ကြီးများဖြစ်ကြသည့်   ဦးရဲတင့်၊ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဦးမြင့်စိုး၊ ဒေါက်တာစိုးဝင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်        စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်တော့ခံသက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဟာသပညာ ရှင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ  မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ အဖွဲ့ဝင်များက အစည်းအရုံး(ဗဟို) ၏ Theme Song ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  ယနေ့အခမ်းအနားသည် ဗုဒ္ဓဘာသာအယူ အဆအရ မျိုးဆက်သစ်ဟာသပညာရှင်များက မိမိတို့အား  အတတ်ပညာရပ်များ   သင်ကြားပေးခဲ့သည့်   သက်ကြီးဆရာများကို   ရိုသေစွာရှိခိုးပူဇော် ကန်တော့သည့် အခမ်းအနားဖြစ်သည့်အတွက် များစွာ မင်္ဂလာကျက်သရေဖြင့် ပြည့်စုံလှပါကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကတွင် ဟာသပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အဓိကနေရာတွင် ပါဝင်လျက်ရှိပြီး  အနုပညာလောက  ပိုမိုတောက်ပစေရန် ဆောင်ရွက်ပေးလျက်ရှိကြပါကြောင်း၊ ယနေ့မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)သည် သာမန်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ  နိုင်ငံတော်က အလေးထားရပြီး   ပြည်သူများကို   အလုပ်အကျွေး ပြုမည့် အနုပညာရှင်အင်အားတစ်ရပ်အဖြစ် ရည်ရွယ်၍ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်လည်း  အနုပညာရှင်များကို  အလေးထား၍ အနုပညာလောက တိုးတက်စေရန် အတွက် များစွာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိအနေဖြင့်လည်း  အနုပညာရှင်များအတွက်   အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း  ဖြူစင်ရိုးသား သည့်စိတ်ထားဖြင့်   ပြည်သူများ ပြုံးပျော်ရွှင်နိုင်စေရန် ပေးဆပ်ဆောင်ရွက်ပေးစေလိုကြောင်း၊  အနုပညာရှင်များသည် နိုင်ငံတော်၏ အခက်အခဲနှင့် သဘာဝဘေးများ ဖြစ်ပေါ်သည့်အချိန်တိုင်းတွင်   နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍  အခက်အခဲများကို  အတူတကွ ရင်ဆိုင် ကျော်လွှားဆောင်ရွက်နိုင်ခဲ့ သည်မှာလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊   ထို့ကြောင့်    အနုပညာရှင်များအနေဖြင့်   မိမိတို့ တတ်စွမ်းသည့်ပညာရပ်ဖြင့်  နိုင်ငံ့အရေးနှင့်   ပြည်သူများအတွက်   ဆက်လက်စွမ်းဆောင်ပေးစေလို ကြောင်း၊ ပြည်သူများ၏ ဘဝအမောများကို ဖြေသိမ့်ပေး၍  ပြုံးပျော်ရွှင်စေသူများမှာ      ဟာသပညာရှင် များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဟာသပညာရှင်များအနေဖြင့် အနာဂတ်တွင် ပြည်သူများ ပျော်ရွှင်စေရန် အနုပညာစွမ်းအား ဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း  မုဒိတာစကား ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ အဖွဲ့ဝင်များက “မြန်မာ”အမည်ရ အငြိမ့်ဖြင့်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက သက်ကြီးပညာရှင် ဂုဏ်ပြုဆု ရရှိကြသူများ ဖြစ်ကြသည့် ဦးမိုးဒီ၊ ဦးပေါ်လေး၊ ဦးကျင်ဝှက်၊ ဦးစံမိုး၊ ဦးချစ်စရာ၊ ဦးမိုးကျော်၊ ဦးရွှေခဲ၊ ဦးမန်းကျော်၊ ဦးသိုး ဆောင်းနှင့်   ဦးဝါမင်းတို့အား   ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

 

ယင်းနောက် သက်ကြီးပညာရှင်ဂုဏ်ပြုဆုရရှိကြ သူများကိုယ်စား သက်ကြီးဟာသပညာရှင် ဦးမိုးဒီ က  ကျေးဇူးတင်စကား   ပြန်လည်ပြောကြားသည်။ ဆက်လက်၍  နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီရန်အောင်နှင့်  အကယ်ဒမီ  စိုးသူတို့က “ဝါဆို” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြ သည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ၂၀၂၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့သည့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ   ဦးအုန်းသီး  အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၂ ခုနှစ်တွင် လူမှုထူးချွန်ဆု (ဒုတိယအဆင့်)ကို ရရှိခဲ့သည့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်   အားလည်းကောင်း    ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ် ချီးမြှင့်ကြသည်။

 

ယင်းနောက်   မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ   ဦးဒိန်းဒေါင်က   မြန်မာနိုင်ငံ လူရွှင်တော်အသင်း၊ ချွန်တွန်းပရဟိတအသင်းကာလများမှ နိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို) အထိ   အဆင့်ဆင့်ဖွဲ့စည်းနိုင်ခဲ့သည့်   ကာလတစ်လျှောက်လုံးတွင်   ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဟာသပညာ ရှင်များအစည်းအရုံး(ဗဟို) နာယက  ဦးငြိမ်းချမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်တို့အား ဂုဏ်ပြုဆုတံဆိပ်နှင့်   ဂုဏ်ပြုမှတ်တမ်း လွှာများ   ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍   မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ   အဖွဲ့ဝင်များက   သက်ကြီးဟာသ ပညာရှင်များအား ဂုဏ်ပြုတင်ဆက်သည့် “ပြုံးနေပေးပါ ဟာသဆရာ” တစ်ခန်းရပ်ပြဇာတ်နှင့် ဂုဏ်ပြုရေးစပ်ထားသည့် “ပြုံးနေပေးပါ” တေးသီချင်း တို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

စုပေါင်းကန်တော့

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲ များက     သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ခံပစ္စည်းများ   ပေးအပ်ကြသည်။   ယင်း နောက် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးမှ ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင် ကြီးများအား စုပေါင်းကန်တော့ကြပြီး အခမ်းအနား အစီအစဉ်ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။

 

မွန်းလွဲပိုင်းတွင်   အခမ်းအနား ဒုတိယပိုင်းအစီ အစဉ်အဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်း အရုံး  (ဗဟို) ညီလာခံကို    ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးဗဟို၊ တိုင်းဒေသကြီး၊   ပြည်နယ်နှင့်   မြို့နယ်များအလိုက်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ တွဲဖက် အတွင်း ရေးမှူးများနှင့် အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းနှင့်   မြန်မာနိုင်ငံဟာသပညာရှင်များ  အစည်းအရုံးအနေဖြင့် ဟာသအနုပညာလောက ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို   ရှင်းလင်းတင်ပြခြင်းနှင့်    ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်