နေပြည်တော် ဇူလိုင် ၈
(၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဇူလိုင် (၆)ရက်က အထူးကုဆေး ရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရော ဂါဖြစ်ပွားမှု အခြေအနေများကြောင့် ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသ မှုများ ယာယီရပ်နားထားရာမှ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံသား ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများက ဦးဆောင်၍ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ ပူးပေါင်းပါဝင်သည့် ဆေးအဖွဲ့သည် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၌ (၅၅)ကြိမ်မြောက်အဖြစ် ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် (၅၆)ကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့သည်။
ယခု (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုတွင် လူနာမှာ ရှမ်းပြည်နယ် ပြည်သူ့ဆေးရုံ နမ့်စန်မြို့မှ အသက်(၂၇)နှစ်ရှိ သူနာပြု အမျိုးသားဖြစ်ပြီး အသက် (၃၂)နှစ်ရှိ ၄င်း၏ အစ်မဖြစ်သူမှ ကျောက်ကပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို နံနက် ၉ နာရီတွင် စတင်ကာ မွန်းလွဲ၁နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ် ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး(ဓာတ်မှန်) ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန် ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသားသွေးဌာန-ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန-ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး(ဓာတ်ခွဲ) ဒေါက်တာ ဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မှ တွဲဖက်ပါမောက္ခ(မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ နှင့်အဖွဲ့၊ အငြိမ်းစားဆေးပညာရှင်များဖြစ်သည့် ပါမောက္ခဒေါက်တာသန်းအေး၊ ပါမောက္ခဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာခင်မောင်ဌေး၊ ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မှ ခွဲစိတ်ခန်းကျွမ်းကျင်သူနာပြုဆရာမကြီး ဒေါ်ကေသီနွယ်နှင့်သူနာပြုများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသားဆရာဝန်ကြီးများက ဦးဆောင်၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ အောင်မြင်စွာဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ပြည် တွင်း၌ပင် လူနာများသည်ခွဲစိတ်ကုသမှုများခံယူနိုင်၍ လူနာနှင့်လူနာ၏မိသားစုဝင်များ အနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ခွဲစိတ်ကုသရသည့် ဆေးကုသမှုကုန်ကျစရိတ်အများအပြားကို လျှော့ချနိုင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါခွဲစိတ်ကုသမှုများကို အပြည့်အဝကူညီပံ့ပိုးမှုများ ပေးအပ်လျက်ရှိသည်။
အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် နှင့် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းတို့က လာရောက်ကြည့်ရှုအားပေးပြီး လူနာအတွဲအတွက် အလှူငွေကျပ် (၁၅)သိန်းကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် သိန်း(၃၀)ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်