ရန်ကုန် ဇူလိုင် ၈

စင်္ကာပူနိုင်ငံပညာရေး၀န်ကြီးဌာနနှင့် စင်္ကာပူနိုင်ငံသိပ္ပံပညာဌာနတို့ပူးပေါင်း၍ SEAMEO အဖွဲ့ဝင်များ ကြီးမှူးကျင်းပသည့် SEAMEO Singapore Student Challenge (SSSC-2023)သို့ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သည် အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယဆုကိုဆွတ်ခူးရရှိခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ အခြေခံပညာဦးစီးဌာန ဒဂုံအမှတ်(၁) အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူတို့၏ မိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌              လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အခြေခံပညာအထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့် ထူးချွန်ကျောင်း ၁၀ ကျောင်းမှ အင်္ဂလိပ်ဘာသာရပ်နှင့် ပညာရပ်ဆိုင်ရာထူးချွန်သော အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ များ ၀င်ရောက်အရွေးချယ်ခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ အမှတ်-၁ အထက် တန်းကျောင်းမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများဖြစ်သည့်  မောင်ရှင်းသန့်ကျော်၊ မောင်ဖြိုးဇာနည် အောင်၊ မောင်ဘုန်းမြတ်ဇော်၊ မမေသံစဉ်ထက်၊ မအိမ်သူသူခင်နှင့် ကြီးကြပ်သူ ‌ဒေါ်အေးမြသီတာ (အထက်တန်းပြ)တို့ ရွေးချယ်ခံခဲ့ရ၍ သွားရောက်ယှဉ် ပြိုင်ခဲ့ခြင်းဖြစ်သည်။

“၂၀၂၃-ခုနှစ်၊ ဇူလိုင်လမှာကျင်းပတဲ့ SEAMEO Singapore Student Challenge ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင် ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမတိုင်မီ Online မှာငါးရက်တာ workshop တက်ခဲ့ရပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရန်ကုန်တိုင်း ဒေသကြီး ဒဂုံအမှတ်(၁) အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ အာဆီယံ ၁၀ နိုင်ငံက ကျောင်းသား၊ ကျောင်းသူများနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဒုတိယဆုကို ရရှိခဲ့တာပါ။ အာဆီယံဒေသတွင်း နိုင်ငံတွေအကြားမှာ ဒုတိယဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ယှဉ်ပြိုင်ခဲ့တဲ့ကျောင်းသား၊ ကျောင်းသူတွေ၊ ဒဂုံအမှတ်(၁)ကျောင်းအုပ်ကြီး ဒေါက်တာစန္ဒာမြငြိမ်းနဲ့အတူ ပညာ‌ရေးဝန်ကြီးဌာနက ပံ့ပိုးပေးကြတဲ့ဆရာ၊ ဆရာမများ၊ ဖိတ်ခေါ်ပေးတဲ့ SEAMEO က တာဝန်ရှိ သူများနဲ့ စင်္ကာပူ နိုင်ငံကပညာရေးဝန်ကြီးဌာန၊ သိပ္ပံပညာဌာနကို အထူးပဲကျေးဇူးတင်ပါ တယ်”ဟုပြိုင်ပွဲဝင်အဖွဲ့ကြီးကြပ်သူဆရာမ ဒေါ်အေးမြသီတာ က ပြောသည်။

စင်္ကာပူနိုင်ငံတွင် SEAMEO Singapore Student Challenge(SSSC-2023)ပြိုင်ပွဲကို ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ် ပြိုင်ခဲ့ သည့် ကျောင်းသား၊ ကျောင်းသူများသည် အာဆီယံ ၁၀ နိုင်ငံတွင် Project Presentation ကဏ္ဍ၌ Good Health and Well Being Practices in School Environment ခေါင်းစဉ်ဖြင့်  ဒုတိယဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲ၌ ပထမဆုကို အင်ဒိုနီးရှားနိုင်ငံ၊ တတိယဆုအား ဖီလစ်ပိုင်နိုင်ငံတို့မှရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်
ဓာတ်ပုံ - ကနူး