ညောင်ဦးမြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဈေးနှုန်းကောင်းရပြီး ငှက်ပျောထွက်သလောက် ရောင်းချနေရ

ညောင်ဦး ဇူလိုင် ၉

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စု ကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ  ဖီးကြမ်းငှက်ပျောထွက်သလောက် ရောင်းချနေရခြင်းကြောင့် ငှက်ပျောခြံစိုက်တောင်သူ များပြားလာကြောင်း သရက်ကုန်းကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးကျော်စိုးထံက သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု ကျေးရွာများသည် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက်မြစ်ရေတင်ဖြင့် လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့် လည်းကောင်း စိုက်ပျိုးကြကာ အောင်မြင်ဖြစ်ထွန်းပြီး ဖီးကြမ်းငှက်ပျောခုတ်ချိန်(ပေါ်ချိန်) ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

 

လက်ပံခြေပေါ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ၁၀ လ၊ ၁၁ လတို့တွင် ငှက်ပျောစတင်ပေါ်ကာ ရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်ဈေးသည် ငှက်ပျောဖီးအရေအတွက်ပေါ် မူတည်ကာ ဈေးသတ်မှတ်ရောင်းချပြီး ငှက်ပျောတစ်ဖီး ကျပ် ၉၀၀ ဖြင့် ရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင် ရှစ်ဖီးပါပါက ကျပ် ၇၄၀၀ သတ်မှတ်ရောင်းချကာ ၁၀ ဖီး တစ်ခိုင် ၁၀၀၀၀ ကျပ် သတ်မှတ်ရောင်းချကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောမှန်သမျှ ဈေးနှုန်းကောင်းဖြင့် ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

 

ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် အလုပ်များနေ၍ ပစ်ထားလျှင်ပင် မသေဘဲ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများက ပြောပြကာ ဖီးကြမ်းငှက်ပျောသီးနှံ တစ်ဧကလျှင် တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ် ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင် သားတက်ယူကာ ငှက်ပျောခြံအား ပြုပြင်စိုက်ပျိုးကြောင်း၊ ငှက်ပျောခြံထိ ငှက်ပျောကုန်သည်များ လာရောက်ဝယ်ယူခြင်းနှင့် ကားလမ်းမကြီး ချရောင်းချခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူမြို့ ငှက်ပျောကုန်သည်များ လာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်မှ လက်ပံခြေပေါ် ငှက်ပျောစိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း ငှက်ပျောစိုက်တောင်သူများ ရှင်းပြ၍ သိရသည်။

 

ဒီပါလင်း