မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးခရိုင် မြို့နယ်လေးမြို့နယ်ရှိ ကျေးရွာ ၂၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းကို မကွေးမြို့နယ်၌ ရှစ်ရွာ၊ တောင်တွင်းကြီးမြို့နယ်၌ ခုနစ်ရွာ၊ နတ်မောက်မြို့နယ်၌ သုံးရွာနှင့် မြို့သစ်မြို့နယ်၌ ခုနစ်ရွာ စုစုပေါင်း ကျေးရွာ ၂၅ ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို တိုးချဲ့ရေးဆွဲ၍ ကျေးရွာ၏လိုအပ်ချက်များကို ဦးစားပေးအစီအစဉ်ဖြင့် ရွေးချယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်းအထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးထံမှ သိရသည်။
“ဒီစီမံကိန်းက ပြည်သူလူထုကိုယ်တိုင် ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲတာဖြစ်တဲ့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကျေးရွာတွေကို ရွေးချယ်ရာမှာ အကျိုးခံစားရမဲ့ အိမ်ထောင်စုများတဲ့ ကျေးရွာတွေ၊ စီမံကိန်းဆောင်ရွက်ဖို့ စိတ်အားထက်သန်တဲ့ ကျေးရွာတွေ၊ စည်းလုံးညီညွှတ်မှုရှိသည့် ကျေးရွာတွေ စတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျေးရွာပေါင်း ၂၅ ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စိစစ်ရွေးချယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာပါ”ဟု မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက ဆက်လက်ပြောပြ၍ သိရသည်။
ကိုလှိုင်