နေပြည်တော် ဇူလိုင်  ၉

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၁)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၅၀၂)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးမြို့နှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန(၅)ခု၌ ဇူလိုင် ၈  နှင့်  ၉  ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပ လျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော်စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကားပြောကြားသည်။

အလားတူ ဇူလိုင် ၈ ရက်ကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် သည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေး စာစစ်ဌာန ၊ အဖွဲ့ဝင် ဦးရဲနိုင် သည် နေပြည်တော် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ နေပြည်တော်စာစစ်ဌာန၊ အဖွဲ့ဝင် ဦးစိုးတင့် သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာန၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်း ဒေသကြီး မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မကွေးစာစစ် ဌာနတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကားပြောကြားခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင်အဆင့်စတင်ခန့်အရာထမ်းရာထူးများကို ရွေးချယ် ပေးလျက်ရှိပြီး ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန်ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသောရေးဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုကြသူ စုစုပေါင်း (၂၀၁၃) ဦး ရှိကြောင်း သိရသည်။

သတင်းစဉ်